ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးအသင်းရဲ့ အဓိက ညာနောက်ခံလူ အာနိုးလ် ကတော့ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း လီဗာပူး ၃-၁ နယူးကာဆယ် ပွဲစဉ်အပြီးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

လီဗာပူးအသင်းဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်(၁၇)မှာ နယူးကာဆယ်အသင်းကို အိမ်ကွင်း အန်ဖီးလ်မှာ ဧည့်ခံကစားခဲ့ရာ ဂျိုတာ ၊ ဆာလာနဲ့ အာနိုးလ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အတူ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ကာ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးမှာ ရှိနေတဲ့ မန်ချက်စတာ စီးတီးအသင်းကို ထပ်ကြပ်မကွာ ဖိအားပေး ကစားနိုင်ခဲ့ပါတယ်။

Photo Credit: Mirror

အဆိုပါပွဲစဉ်မှာ လီဗာပူးအသင်း အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ မိုဟာမက် ဆာလာ ကတော့ နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ပွဲစလုံးမှာ အသင်းအတွက် သွင်းဂိုး ဒါမှမဟုတ် ဂိုးဖန်တီးမှုတွေ ပြုလုပ်ပေးနိုင်ခဲ့တဲ့ စံချိန်ကိုလည်း ရရှိခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းပြထားသူ တဦး ဖြစ်ပြီး ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ ၁၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၅ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် အထိ ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်လည်း လီဗာပူး ၃-၁ နယူးကာဆယ် ပွဲစဉ်အပြီးမှာ အာနိုးလ်က မိုဟာမက် ဆာလာဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့တာ ဖြစ်ပြီး မိုဟာမက် ဆာလာရဲ့ ခြေစွမ်းတွေက ရူးလောက်စရာ ကောင်းကြောင်း ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အာနိုးလ်က – “ဆာလာက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ဒါက အကြောင်းမဲ့ ပြောတာ မဟုတ်ပါဘူး။ သူ့ရဲ့ သွင်းဂိုးတွေ ၊ ဂိုးဖန်တီးမှုတွေနဲ့ အသင်းအတွက် သူ့ရဲ့ ပေးဆပ်မှုတွေကြောင့် ဒီလိုပြောရတာပါ။ သူ့ရဲ့ ခြေစွမ်းက တပွဲထက် တပွဲ ပိုပိုပြီး ကောင်းလာပါတယ်။ သူက အရမ်းကို ကောင်းတဲ့ ဘောလုံးရာသီ တခု ရရှိထားပါတယ်။ ပြီးတော့ ကျွန်တော့်အထင် သူ့ရဲ့ စိတ်ထဲမှာလည်း ရှိသမျှ စံချိန်တွေ အားလုံးကို ရိုက်ချိုးပစ်မယ် လို့ တွေးထားပုံပါပဲ” လို့ ပြောကြားခဲ့တာပါ။