MySport Myanmar

သူ့ အနာဂတ်နဲ့ ပတ်သက်ပြီး ဖြေဆိုဖို့ ငြင်းဆန်ခဲ့ပြန်တဲ့ အာနိုး

လီဗာပူးလ်အသင်းရဲ့ ညာနောက်ခံကစားသမား ထရန့် အလက်ဇန်းဒါး အာနိုးဟာ လက်စတာ စီးတီးအသင်းကို အနိုင်ရရှိစေခဲ့တဲ့ ပွဲစဉ်မှာ သူ့ရဲ့ အဖိုးတန်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း သူ့ရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး မေးခွန်းတွေကိုတော့ ဖြေကြားဖို့ ငြင်းဆန်သွားခဲ့ပါတယ်။

ခြေကျင်းဝတ်ဒဏ်ရာကနေ ပြန်သက်သာလာပြီး ပွဲထွက်လူစာရင်းမှာ မပါဝင်သေးဘဲ အရံလူအဖြစ်သာ ပွဲစခဲ့တဲ့ အင်္ဂလန် လက်ရွေးစင် နောက်ခံလူ အာနိုးဟာ ပွဲချိန်(၇၁)မိနစ်မှာ လူစားဝင် ကစားခဲ့ရင်း (၅)မိနစ်အကြာမှာပဲ လှပတဲ့ ကန်သွင်းချက်နဲ့ ဂိုးသွင်းယူခဲ့ပါတယ်။ ဒီဂိုးဟာ လီဗာပူးအတွက် အဖိုးတန် (၃)မှတ်ကို ရယူပေးနိုင်ခဲ့သလို လီဗာပူးလ်ဟာလည်း လိဂ်ချန်ပီယံဖြစ်ဖို့ လက်တစ်ကမ်းလေးသာ လိုပါတော့တယ်။

Photot  Credit : Goal

အာနိုးဟာ ကွင်းထဲမှာ ခြေစွမ်းပြခဲ့ပေမယ့် အန်ဖီးလ်မှာ သူ့ရဲ့ ရေရှည်အနာဂတ်နဲ့ ပတ်သက်ပြီး နှုတ်ဆိတ်နေခဲ့ပါတယ်။ သူ့ရဲ့ လက်ရှိစာချုပ်က ဒီရာသီအကုန်မှာ ကုန်ဆုံးမှာ ဖြစ်တာကြောင့် ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့နိုင်တယ်ဆိုတဲ့ ထင်ကြေးပေးမှုတွေ ပိုမို အားကောင်းလာနေပါတယ်။ စပိန်ထိပ်တန်းကလပ်ကြီးဟာ အသက်(၂၅)နှစ်အရွယ် ကစားသမားကို ခေါ်ယူဖို့ ပိုပြီး ယုံကြည်မှု ရှိလာနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပြီး လာမယ့် ဇွန်လမှာ ကျင်းပမယ့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မတိုင်ခင် ခေါ်ယူဖွယ်တောင် ရှိနိုင်ပါတယ်။

“ကျွန်တော့် အနာဂတ်နဲ့ ပတ်သက်ပြီး ဒီရာသီတစ်ခုလုံး မပြောသေးဘူးလို့ ပြောထားပြီးသားပါ။ အသေးစိတ်ကို ပြောပြမှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီလိုနေ့ရက်မျိုးတွေက အမြဲတမ်း အထူးခြားဆုံးပါပဲ။ ဂိုးသွင်းရတာ ပွဲကစားရတာ ပွဲအနိုင်ရတာ ဖလားတွေ ရယူနိုင်တာ ဒါတွေက ကျွန်တော့်အတွက် အထူးခြားဆုံး အခိုက်အတန့်တွေဖြစ်ပြီး ကျွန်တော့်ရဲ့ အခန်းကဏ္ဍကို ထမ်းဆောင်နိုင်ခဲ့တဲ့အတွက် ဝမ်းသာပါတယ်။” လို့ အာနိုးက Sky Sports ကို ပြောကြားခဲ့ပါတယ်။

Photo Credit : Caught Offside

“ဗာဂျီလ် ဗန်ဒိုက်ခ်က ကျွန်တော့်ကို အဲဒီခံစားချက်ကို ရယူဖို့ ပြောခဲ့တာပါ။ လီဗာပူးလ်ဂျာစီနဲ့ အကောင်းဆုံး အခိုက်အတန့်တွေထဲက တစ်ခုပါ။ ဒီကွင်းမှာ ကျွန်တော် ဂိုးနည်းနည်းသွင်းဖူးပါတယ်။ အခု ကျွန်တော်တို့ ချန်ပီယံဆု ရဖို့ အရမ်းနီးစပ်နေပြီ။ ဒါ့အပြင် ဒဏ်ရာကနေ ပြန်လာပြီး ပထမဆုံးပွဲလည်း ဖြစ်တယ်။ ဒါဟာ ကျွန်တော့်အတွက် အရေးကြီးတဲ့ပွဲပါပဲ။ ဒါက ကျွန်တော့်ရဲ့ ဘယ်ခြေနဲ့ ပထမဆုံး သွင်းဂိုးလို့ ထင်ပါတယ်။”

“နှစ်အနည်းငယ်ကြာခဲ့ပေမယ့် နောက်ဆုံးတော့ သွင်းနိုင်ခဲ့ပြီ။ ကျွန်တော် လိုအပ်နေသေးတဲ့ ဂိုးအမျိုးအစား တစ်ခု ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် မှန်ကန်တဲ့ အချိန်အတွက် ချန်ထားခဲ့တာပါပဲ။ ကျွန်တော်တို့ ဖလားရဖို့ အရမ်းနီးစပ်နေပြီ။ နောက်ထပ် တစ်ပွဲသာ အနိုင်ရဖို့ လိုတော့တာပါ။ အထူးသဖြင့် ဒီမှာ ပရိသတ်တွေနဲ့အတူ ဒါကို လုပ်နိုင်ခဲ့တာက အရမ်းကို အထူးခြားဆုံး အခိုက်အတန့်ပါပဲ” လို့ အာနိုးက ထပ်ဖြည့် ပြောကြားခဲ့ပါတယ်။

Exit mobile version