ရီးယဲလ် မက်ဒရစ်အသင်းဟာ အသင်းရဲ့ ညာခြမ်းခံစစ်နေရာအတွက် လီဗာပူးလ်အသင်းရဲ့ အဓိက ညာနောက်ခံလူ ထရန့် အလက်ဆန်းဒါး အာနိုးကို အဓိကပစ်မှတ်အဖြစ် သတ်မှတ်နေတယ်လို့ စပိန် နာမည်ကြီး သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ကြပါတယ်။

ရီးယဲလ်အသင်းရဲ့ ညာခြမ်းခံစစ်မှာ ကာဗာဂျယ်လ်နဲ့ ဗက်ဇ်ကေးတို့ ရှိနေပြီး ကစားသမား(၂)ဦးလုံးက လက်ရှိ အသက်အရွယ်ပိုင်းအရ (၃၂)နှစ်အရွယ်လည်း ရှိနေကြပြီ ဖြစ်သလို ကမ္ဘာ့အဆင့် ကစားသမားတွေလည်း ဖြစ်မနေတာကြောင့် အာနိုးလို ထိပ်တန်း ညာနောက်ခံလူတစ်ဦးနဲ့ ဖြည့်တင်းသွားချင်နေတာ ဖြစ်ပါတယ်။

Photo Credit : Transfermarket

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံကစားသမား အာနိုးဟာ လီဗာပူးလ်မြို့မှာ မွေးဖွားပြီး လီဗာပူးလ်အသင်းရဲ့ လူငယ် အကယ်ဒမီမှာပဲ သူရဲ့ ဘောလုံးပညာကို စတင် သင်ကြားခဲ့သလို အခုဆိုရင်လည်း လီဗာပူးလ်ရဲ့ အဓိက ကစားသမားတစ်ယောက်ပါ ဖြစ်နေခဲ့ပါတယ်။

ဒါပေမယ့် အာနိုးနဲ့ လီဗာပူးလ်အသင်းတို့ကြားမှာ ၂၀၂၅ခုနှစ်အထိသာ စာချုပ်သက်တမ်း ကျန်ရှိနေတော့တာက အာနိုးရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး စဉ်းစားစရာ ဖြစ်လာသလို အာနိုးကို စိတ်ဝင်စားနေတဲ့ ရီးယဲလ်အသင်းကလည်း ဒီအခြေအနေကို စောင့်ကြည့်လို့နေပါတယ်။

Photo Credit : TEAMtalk

အာနိုးနဲ့ ရီးယဲလ်အသင်းတို့ရဲ့ သတင်းတွေကို မနေ့ကပဲ စပိန် သတင်းမီဒီယာ Relevo ရဲ့ နာမည်ကြီး ဘောလုံးသတင်းထောက် မက်တီအို မာရက်တိုက ဖော်ပြလာခဲ့ပြီး ရီးယဲလ်အနေနဲ့ အာနိုးကို ပြောင်းရွှေ့ကြေးနဲ့ပဲဖြစ်ဖြစ် ၂၀၂၅မှာပဲ အလွတ်ပြောင်းရွှေ့ကြေးနဲ့ပဲဖြစ်ဖြစ် ခေါ်ယူဖွယ် ရှိနိုင်တယ်လို့ ဖော်ပြလာပါတယ်။

ဒါပေမယ့် အာနိုးကတော့ သူ့ကို ရီးယဲလ် မက်ဒရစ်အသင်းက FIFA ဂိမ်းထဲမှာ ဝယ်ယူနိုင်တယ်လို့သာ တုံ့ပြန်သွားခဲ့ပြီး လွန်ခဲ့တဲ့ နှစ်တွေကလည်း သူ့အနေနဲ့ အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ထက် လီဗာပူးလ်အသင်းမှာပဲ သူရဲ့ ကစားသမားဘဝကို အဆုံးသတ်ချင်တယ်လို့ပါ ပြောဆိုထားခဲ့ဖူးပါသေးတယ်။