ယခုတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်တွေထဲမှာ ပရိသတ်တွေ စိတ်အဝင်စားဆုံး ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တဲ့ မန်စီးတီးအသင်းနဲ့ လီဗာပူးအသင်းတို့ရဲ့ ပွဲစဉ်ကတော့ တစ်ဖက် တစ်ဂိုးစီနဲ့ သရေရလဒ် ထွက်ပေါ် ခဲ့ပါတယ်။ အဝေးကွင်းမှာ ကစားခဲ့ရတာကြောင့် သရေရလဒ် ထွက်ပေါ်ခဲ့တာဟာ လီဗာပူးအသင်း အတွက် စိတ်ကျေနပ်စရာ ကောင်းပေမယ့် အသင်းရဲ့ အဓိက ညာနောက်ခံလူ ဖြစ်တဲ့ အာနိုးလ် တစ်ယောက် ဒဏ်ရာ ရသွားတာဟာ အတော်လေးကို စိတ်ပျက်စရာ ဖြစ်ခဲ့ပါတယ်။ လီဗာပူးအသင်းဟာ လက်ရှိမှာ ဗန်ဒိုက် ၊ ဖာဘင်ဟိုတို့ ဒဏ်ရာ ရနေတာကြောင့် အာနိုးလ် ဒဏ်ရာ ရရှိသွားတာဟာ ကလော့ပ်အတွက် ခေါင်းခဲစရာပါပဲ။

Photo Credit: Standard

လီဗာပူးအသင်းဟာ ခံစစ်ကြောင်းမှာ အမာခံ ကစားသမား ၆ဦးသာ ရှိတဲ့ အသင်းဖြစ်ပြီး အဆိုပါ ကစားသမားတွေ အနက် ၃ဦး ဒဏ်ရာ ရသွားတာဟာ လီဗာပူးအသင်း အတွက် လာမယ့် ပွဲစဉ်တွေမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်ရမယ့် အနေအထားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ကံကောင်းတာ တစ်ခု ကတော့ လက်ရှိမှာ နိုင်ငံအသင်း ပွဲစဉ်တွေ ကစားရမှာ ဖြစ်တာကြောင့် အာနိုးလ်ရဲ့ ဒဏ်ရာကို ကုသဖို့ နှစ်ပတ်ခန့် အချိန်ရမှာ ဖြစ်ပြီး အာနိုးလ်ရဲ့ ဒဏ်ရာသာ အသေးစား ဒဏ်ရာ ဖြစ်ခဲ့ပါက အာနိုးလ်ဟာ လာမယ့် ပွဲစဉ်တွေမှာ လီဗာပူးအသင်း အတွက် ပြန်လည် ကစားပေးနိုင်ဖွယ် ရှိပါတယ်။ လီဗာပူးအသင်းရဲ့ နည်းပြဖြစ်သူ ကလော့ပ် ကတော့ အာနိုးလ်ရဲ့ ဒဏ်ရာကို မကြာမီမှာ ဆေးစစ်မှုတွေ ပြုလုပ်မှာ ဖြစ်ပြီး အာနိုးလ်ဟာ အင်္ဂလန်အသင်း အတွက် ပါဝင် ကစားပေးနိုင်မှာ မဟုတ်ကြောင်း ပြောဆို သွားပါတယ်။

Photo Credit: Standard

အာနိုးလ်ရဲ့ ဒဏ်ရာနဲ့ ပတ်သတ်ပြီး ကလော့ပ်က “ ထရန့်(အာနိုးလ်)က အင်္ဂလန်အသင်းရဲ့ ပွဲစဉ်တွေကို လွဲချော်မှာပါ။ ဒါက သေချာပါတယ်။ သူ ဘာဒဏ်ရာ ရခဲ့သလဲ ဆိုတာကိုတော့ ကျွန်တော်တို့ မသိရသေးပါဘူး။ ဒါပေမယ့် သူက အင်္ဂလန်အသင်း အတွက် ပါဝင် ကစားပေးနိုင်မှာ မဟုတ်ပါဘူး။ သူက အင်္ဂလန်အသင်း နည်းပြ ဂါရတ်(ဆောက်ဂိတ်) မရွေးချယ်နိုင်မယ့် ပထမဦးဆုံး ကစားသမား မဟုတ်သလို နောက်ဆုံး ကစားသမားလည်း ဖြစ်မယ် မထင်ပါဘူး။ မနက်ဖြန်မှာတော့ သူ့ရဲ့ ဒဏ်ရာကို ကျွန်တော်တို့ စစ်ဆေးမှုတွေ လုပ်သွားမှာပါ။ အဲ့ဒါပြီးရင်တော့ ဘယ်လောက် နားရမလဲဆိုတာ ကျွန်တော်တို့ သိရမှာပါ” လို့ ဖွင့်ဟ ပြောဆို သွားပါတယ်။