ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ လီဗာပူးနဲ့ အင်္ဂလန် လက်ရွေးစင်အသင်းတို့ရဲ့ အဓိက ညာနောက်ခံလူ ဖြစ်သူ အလက်ဇန်းဒါး အာနိုးလ်ကတော့ သူတို့ရဲ့ အင်္ဂလန်အသင်းဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗိုလ်စွဲဖို့ အတွက် ယုံကြည်ချက် အပြည့် ရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းက နောက်ပိုင်းနှစ်တွေမှာ အရည်အသွေးမြင့် ကစားသမားကောင်းတွေ တရစပ် မွေးထုတ်နိုင်မှုနဲ့အတူ ကမ္ဘာပေါ်မှာ အကောင်းဆုံး နိုင်ငံအသင်း ဆယ်သင်း စာရင်းဝင်ထားပြီး သူတို့အသင်းရဲ့ လူစာရင်း ၊ ကစားသမားတွေရဲ့ အတွေ့အကြုံတို့ကြောင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းစာရင်းထဲလည်း ပါဝင်နေပါတယ်။

Photo Credit: Telegraph

အင်္ဂလန်ပရိသတ်တွေကတော့ သူတို့အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ်ဆီ တက်လှမ်းထားနိုင်သလို ယူရို ၂၀၂၀ပြိုင်ပွဲမှာလည်း ဒုတိယနေရာကို အရယူထားတာကြောင့် ယခု ကျင်းပမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဟာ အင်္ဂလန် အတွက်ပဲလို့ ကြွေးကြော်နေပြီး ဘောလုံးရေးရာ သုံးသပ်သူတွေကလည်း အင်္ဂလန်ဟာ အနိမ့်ဆုံး ဆီမီးဖိုင်နယ်ဆီ တက်လှမ်းနိုင်လိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။

အင်္ဂလန်ရဲ့ အဓိက ကစားသမားတွေထဲက တဦး ဖြစ်သူ အာနိုးလ်ကလည်း သူတို့အသင်းဟာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေသလို ဗိုလ်စွဲဖို့ အရည်အချင်းလည်း ရှိကြောင်း ဆိုလာပါတယ်။

Photo Credit: Telegraph

အာနိုးလ်က – “ဒါပေါ့။ ကျွန်တော်တို့ အင်္ဂလန်အသင်းက ကမ္ဘာ့ဖလားပြိုင်ပွဲကို ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံးအသင်းလို့ ပြောရင် မှားမယ် မထင်ပါဘူး။ ကျွန်တော်တို့က ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းစာရင်းထဲကို အကြောင်းမဲ့ ရောက်နေတာ မဟုတ်ပါဘူး။ ကျွန်တော်တို့အသင်းမှာ ကမ္ဘာ့ဖလားကို အရယူဖို့ လုံလောက်တဲ့ အရည်အချင်း ရှိပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပါ။