လီဗာပူး ကစားသမား အလက်ဇန်းဒါးအားနိုးလ် နဲ့ မန်ချက်စတာစီးတီး ကစားသမား ကယ်ဗင်ဒီဘရိုင်းတို့ နှစ်ယောက်ဟာ မြက်ခင်းစိမ်းတွေပေါ်မှာတော့ ပြိုင်ဘက် တွေ ဖြစ်ကြပေမယ့် လက်တွေ့မှာတော့ အားနိုးလ်ဟာ ဒီဘရိုင်းရဲ့ အမာခံပရိသတ်ကြီး ဖြစ်နေပါတယ်။ အားနိုးလ်ကော ဒီဘရိုင်းကော နှစ်ဦးစလုံးဟာ Goal ကနေ စီစဉ်တဲ့ ကမ္ဘာတစ်ဝန်း ထိပ်သီးကစားသမား အယောက် ၅၀ စာရင်းမှာ ပါဝင်ခဲ့ပါတယ်။ အဆိုပါ စာရင်းမှာ အမျိုးသား ကစားသမား ၂၅ ဦးနဲ့ အမျိုးသမီး ကစားသမား ၂၅ ဦး ပါဝင်ပါတယ်။ ထိုအထဲမှာ ဒီဘရိုင်းဟာ အဆင့် ၂ နေရာမှာ ‌ရရှိခဲ့ပြီးတော့ အားနိုးလ် ဟာ အဆင့် ၁၄ နေရာမှာ ရောက်ရှိခဲ့ပါတယ်။

Photo Credit: Goal

Goal မဂ္ဂဇင်းကနေ အလက်ဇန်းဒါးအာနိုးလ် ကို စွမ်းရည်၊ ဘောလုံးအသိဉာဏ်၊ ခေါင်းတိုက်စ‌ွမ်းရည်၊ ခွန်အား၊ သက်လုံ၊ ဘယ်ခြေ၊ ညာခြေ စတာတွေနဲ့ ပတ်သက်ပြီး အကောင်းဆုံး ကစားသမားတွေကို မေးခဲ့တဲ့ အခါမှာတော့ ဘယ်ခြေနဲ့ ဘောလုံးဉာဏ်ရည်ကောင်းမွန်မှု နဲ့ ပတ်သက်ပြီးတော့ ဘာစီလိုနာစတား လီယွန်နယ်မက်ဆီ ကို ရွေးချယ်ခဲ့ပါတယ်။ ဘောလုံးစွမ်းရည်ပိုင်းမှာတော့ နေမာကို ရွေးချယ်ခဲ့ပါတယ်။ အရှိန်အဟုန် နဲ့ ကစားတာမှာတော့ ဝုဗ်တောင်ပံကစားသမား အဒါမာထရာအိုးရေး ကို ရွေးချယ်ထားပါတယ်။ ထို့နောက်မှာတော့ လီဗာပူး ကစားသမားသုံးဦးကို ရွေးချယ်ခဲ့ပါတယ်။ ခေါင်းတိုက်စွမ်းရည်မှာတော့ ဗာဂျယ်ဗန်ဒိုက်၊ ခွန်အားပိုင်းမှာတော့ ဆာလက် နဲ့ သက်လုံပိုင်းမှာတော့ ဂျိမ်းစ်မီနာ တို့ပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ညာခြေအတွက်တော့ မန်စီးတီးကစားသမား ဒီဘရိုင်းကို ရွေးချယ်ခဲ့ပါတယ်။ “ သူက ကျွန်တော် ရင်ဆိုင် ကစားဖူးတဲ့သူတွေထဲမှာ ဘောလုံးပေးပို့မှုတွေ အကောင်းဆုံး ပြုလုပ်နိုင်တဲ့ ကစားသမားပါ။ ပွဲကစားနေတုန်း ခင်ဗျားကို wow ဆို ပြီး ပါးစပ်အဟောင်းသားဖြစ်အောင် လုပ်နိုင်တဲ့ ကစားသမားမျိုးက ရှားပါး ပါတယ်။ ဒီလို ကစားသမားမျိုးတွေနဲ့ နေ့တိုင်း ကစားပြီး လေ့ကျင့်ရေး ဆင်းနေရရင် ခင်ဗျား အနေနဲ့ ဒါမျိုးကို နေသားကျနေနိုင်ပါတယ်။ ဒါပေမယ့် ဒီဘရိုင်းကတော့ ကျွန်တော့်ကို ဒီလိုအံ့အားသင့်ရတဲ့ အခိုက်တန့် မျိုးကို အခုချိန်ထိတိုင်အောင် ပေးစွမ်းနိုင်တဲ့ ကစားသမားမျိုးပါ။ ကျွန်တော် သူကစားတဲ့ ဘောလုံးပွဲတွေကို ကြည့်လိုက်တိုင်း သူ့ပေးပို့မှုတွေက ကျွန်တော့်ကို wow ဆိုပြီး အမြဲဖြစ်စေပါတယ် ” လို့ ဒီဘရိုင်းကို ချီးကျုးစကား ဆိုလိုက်ပါတယ်။