၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဩစတေးလျရဲ့ နည်းပြချုပ် ဖြစ်သူ ဂရေဟမ် အာနိုးက သူ့ရဲ့ အသင်းဟာ ယနေ့ညမှာ ယှဉ်ပြိုင် ကစားမယ့် ၁၆သင်း ရှုံးထွက်အဆင့် ပွဲစဉ်မှာ ပြိုင်ဘက် အာဂျင်တီးနားကို အနိုင်ယူနိုင်စွမ်း ရှိကြောင်း ကြွေးကြော်သွားခဲ့ပါတယ်။

အာနိုးရဲ့ ဩစတေးလျက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဒိန်းမတ် ၊ တူနီးရှား ၊ ပြင်သစ်တို့နဲ့ တအုပ်စုထဲ ကျရောက်ခဲ့ပြီး ပြင်သစ်ကို ရှုံးခဲ့ပေမယ့် တူနီးရှားနဲ့ ဒိန်းမတ်တို့ကို အနိုင်ရခဲ့တာကြောင့် အုပ်စုဒုတိယနေရာနဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ခဲ့တာပါ။

Photo Credit: Sporting News

တဖက်မှာတော့ လီယွန်နယ် မက်ဆီ ဦးဆောင်လာတဲ့ အာဂျင်တီးနားက ကမ္ဘာ့ဖလားပြိုင်ပွဲ အုပ်စုအဆင့်မှာ ပိုလန် ၊ မက္ကဆီကို ၊ ဆော်ဒီ စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်ခဲ့ကာ ဆော်ဒီကို မထင်မှတ်ပဲ ရှုံးနိမ့်ခဲ့ပေမယ့် ပိုလန်နဲ့ မက္ကဆီကိုတို့ကို အနိုင်ရခဲ့တာကြောင့် အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းလာနိုင်ခဲ့ပါတယ်။

ဩစတေးလျနဲ့ အာဂျင်တီးနားတို့က ယနေ့ည ၁နာရီခွဲ အချိန်မှာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ ဒုတိယမြောက် ၁၆သင်း ရှုံးထွက်ပွဲ အဖြစ် ရင်ဆိုင် ကစားရဖို့ ရှိနေပြီး ဩစတေးလျနည်းပြ အာနိုးက သူ့ရဲ့ အသင်းဟာ Underdog အသင်း ဖြစ်နေပေမယ့် အာဂျင်တီးနားကို ကြောက်ရွံ့ခြင်း မရှိသလို အာဂျင်တီးနားနဲ့ ပွဲကို စစ်ပွဲတပွဲလို ပြင်ဆင်သွားမယ်လို့ ဆိုလာပါတယ်။

Photo Credit: Sporting News

ဂရေဟမ် အာနိုးက – “ကျွန်တော်တို့က အာဂျင်တီးနားနဲ့ တွေ့ဆုံတဲ့ အကြိမ်တိုင်းမှာ အရမ်းကို ခြေစွမ်းကောင်းလေ့ ရှိပါတယ်။ ဒါကြောင့် ဒီပွဲမှာ ကျွန်တော်တို့က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ ကွင်းထဲကို ဝင်သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့က ကိုယ့်မှာ ရှိတဲ့ အားအင်တွေ အကုန်လုံးကို အသုံးပြုသွားပါမယ်။ ကျွန်တော်တို့က ကိုယ့်အလုပ်ကို ကိုယ်တိုင်ပဲ အကောင်းဆုံး လုပ်ဆောင်သွားမှာပါ။ ကျွန်တော်တို့က အုပ်စုပွဲတွေမှာလည်း လူတွေ မထင်မှတ်ထားတဲ့ ရလဒ်တွေ ယူပြပြီး လူတွေကို အံ့ဩသွားအောင် လုပ်ဆောင်ခဲ့ပြီးပါပြီ။ ဒါကြောင့် နောက်ထပ်တကြိမ် လူတွေကို ထပ်ပြီး အံ့ဩသွားအောင် လုပ်ပြဖို့လည်း အဆင်သင့်ပါပဲ။ (အာဂျင်တီးနားကို အနိုင်ယူမယ့် အကြောင်းအား ရည်ရွယ်လျက်) ကျွန်တော်တို့က အုပ်စုအဆင့်ကို ကျော်လွန်လာပြီးတဲ့နောက်မှာ မတူညီတဲ့ အဆင့်တခုကို ရောက်လာပါပြီ။ အခုချိန်ကနေ စပြီး ပွဲတိုင်းက တပွဲထိုး ပုံစံမျိုးပါပဲ။ တပွဲထိုး ပွဲတွေမှာ ဘယ်လိုရလဒ်မဆို ထွက်လာနိုင်ပါတယ်။ ကျွန်တော်က အာဂျင်တီးနားကို မလေးစားလို့ အခုလို ပြောနေတာ မဟုတ်ပါဘူး။ ဒါပေမယ့် ဒီပွဲက ၁၁ယောက် ၊ ၁၁ယောက် ယှဉ်ပြိုင်ရမယ့်ပွဲပါ။ သူတို့ဘက်က အပြာရောင်ဝတ်တဲ့ ကစားသမား ၁၀ယောက်ဟာ ကွင်းထဲမှာ ရှိနေမှာ ဖြစ်သလို ကျွန်တော်တို့ကလည်း အဝါရောင်ဝတ် ကစားသမား ၁၀ယောက်နဲ့ သူတို့ကို ရင်ဆိုင်သွားမှာပါ။ ဒီပွဲက တိုက်ပွဲပါ။ စစ်ပွဲတပွဲလို့ ပြောရင်လည်း မမှားပါဘူး။ ကျွန်တော်တို့က တိုက်ပွဲဝင်သွားပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။