မကြာခင်မှာ လီဗာပူးရဲ့ နည်းပြချုပ် အဖြစ် စတင် တာဝန် ထမ်းဆောင်တော့မယ့် အာနီ ဆလော့တ်က သူ့ရဲ့ လီဗာပူးနည်းပြဘဝ ပထမဦးဆုံး ခေါ်ယူမှု အဖြစ် ဗီလာကြယ်ပွင့် ဝက်စ်ကင်းကို ခေါ်ယူချင်နေပြီး ဆလော့တ်ဟာ ဝက်စ်ကင်းအတွက် ရှိရင်းစွဲ တိုက်စစ်မှူး ဒါဝင် နူနက်ဇ်ကို ရောင်းထုတ်ဖို့ပါ စဉ်းစားထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၄၅နှစ် အရွယ် နယ်သာလန်နည်းပြ အာနီ ဆလော့တ်က မိသားစုကို အချိန်ပေးချင်တာကြောင့် လီဗာပူးရဲ့ နည်းပြချုပ်ရာထူး ကနေ နုတ်ထွက်သွားတဲ့ သက်တော်ရှည် နည်းပြကြီး ယာဂင် ကလော့ပ်ရဲ့ နေရာကို အစားဝင်လာရသူ ဖြစ်ပြီး လီဗာပူးက သူ့ကို ၃နှစ်စာချုပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Standard

တဖက်မှာတော့ အသက် ၂၄နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ၂၀၂၂ခုနှစ်မှာ ဘင်ဖီကာ ကနေ လီဗာပူးထံ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၈၅သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက လီဗာပူး အတွက် ၂ရာသီ အတွင်းမှာ ပြိုင်ပွဲစုံ ၉၆ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၃ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၁၇ကြိမ် ရရှိထားပါတယ်။

ဒါဝင် နူနက်ဇ်က ၂ရာသီ အတွင်းမှာ စုစုပေါင်း ဂိုးပါဝင်ပတ်သတ်မှု အကြိမ် ၅၀ ရှိခဲ့တာကြောင့် သူ့ရဲ့ ခြေစွမ်းက လက်သင့်ခံလို့ ရတဲ့ အနေအထားမျိုးမှာ ရှိပေမယ့် အင်္ဂလန်အခြေစိုက် သတင်းရင်းမြစ်တွေကတော့ လီဗာပူးနည်းပြသစ် အာနီ ဆလော့တ်ဟာ နူနက်ဇ်ရဲ့ အဆုံးသတ်အားနည်းမှုကို သဘောမကျဘူးလို့ ဖော်ပြနေကြပါတယ်။

Photo Credit: The Sun

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mailရဲ့ ဖော်ပြချက်အရ လီဗာပူးနည်းပြသစ် အာနီ ဆလော့တ်က သူ့ရဲ့ ကိုယ်ပိုင် တိုက်စစ်မှူးသစ် တဦးကို ခေါ်ယူချင်နေပြီး ဗီလာကြယ်ပွင့် ဝက်စ်ကင်းဟာ အာနီ ဆလော့တ်ရဲ့ စိတ်ကြိုက် တိုက်စစ်မှူး ဖြစ်ကာ ဆလော့တ်က ဝက်စ်ကင်းကို ခေါ်ယူနိုင်ဖို့ အတွက် ဒါဝင် နူနက်ဇ်ကို ရောင်းထုတ်ဖို့ပါ စဉ်းစားထားကြောင်း သိရှိရပါတယ်။

အသက် ၂၈နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် တိုက်စစ်မှူး အိုလီ ဝက်စ်ကင်းက ယခုနှစ် ဘောလုံးရာသီမှာ အက်စ်တွန်ဗီလာ အတွက် ပြိုင်ပွဲစုံမှာ ၅၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၇ဂိုး သွင်းယူပေးထားကာ ဂိုးဖန်တီးမှု ၁၃ကြိမ် ရရှိထားပြီး ဗီလာက သူတို့ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ဝက်စ်ကင်းကို အသင်းမှာ ဆက်ထိန်းထားနိုင်ဖို့ အစွမ်းကုန် ကြိုးစားဖို့ ရှိနေသလို မဖြစ်မနေ ရောင်းချရမယ် ဆိုရင်လည်း ပြောင်းရွှေ့ကြေး ပေါင် ၈၀သန်း ဝန်းကျင် အထိ တောင်းဆိုနိုင်ပါတယ်။