လီဗာပူးလ်အသင်းနည်းပြ အာနယ် စလော့က ဆင်ခြေတွေဟာ အနိုင်မရတဲ့ အသင်းတွေအတွက်ပါလို့ ပြောကြားခဲ့ပြီး ဒါဟာ အာဆင်နယ်အသင်းနဲ့ အသင်းနည်းပြ မီခေးလ် အာတီတာတို့ကို သွယ်ဝိုက်ပြီး လှောင်ပြောင်လိုက်ပုံရပါတယ်။
အာဆင်နယ်အသင်းဟာ ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲမှာ (၃)ရာသီဆက်တိုက် အောင်မြင်မှုနဲ့ လွဲချော်ခဲ့ရပြီး လီဗာပူးလ်အသင်းက နည်းပြသစ် စလော့လက်ထက်မှာပဲ အင်္ဂလန်ထိပ်တန်းလိဂ်ဖလားကို အကြိမ်(၂၀)မြောက် ဆွတ်ခူးကာ ချန်ပီယံ ဖြစ်ခဲ့ပါတယ်။ အာတီတာက ဒီနှစ်မှာ အသင်း ချန်ပီယံဆု မရရှိခဲ့တဲ့အပေါ် အကြောင်းပြချက်များစွာ ပေးခဲ့ပြီး အချိန်အခါမဟုတ်တဲ့ ဒဏ်ရာပြဿနာတွေနဲ့ မှားယွင်းတဲ့ ဒိုင်လူကြီး ဆုံးဖြတ်ချက်တွေကြောင့် စလော့ရဲ့အသင်းကို ဖိအားပေးနိုင်မယ့် အခွင့်အရေးတွေ ထိခိုက်ခဲ့ရတယ်လို့ ညွှန်းဆိုခဲ့ပါတယ်။
Photo Credit : Goal
လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် (၃၄)မှာ စပါးအသင်းကို (5-1) နဲ့ အနိုင်ရပြီး ချန်ပီယံဆုကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်းမှာတော့ သူတို့ဟာ (၂)ပွဲရှုံးပြီး အာဆင်နယ်နဲ့ တစ်ပွဲ သရေကျခဲ့ကာ ရလဒ်ပိုင်း အနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ စလော့က အင်္ဂလန်ထိပ်တန်းလိဂ်မှာ လိဂ်ဖလားအများဆုံးအသင်းအဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့စံချိန်ကို လိုက်မီအောင် ကူညီနိုင်ခဲ့တဲ့အပေါ် ဖွင့်ဟပြောကြားခဲ့ပြီး အာတီတာရဲ့ ဆင်ခြေများကိုလည်း သွယ်ဝိုက်ပြီး ထိုးနှက်လိုက်ပါတယ်။
BBC Sport နဲ့တွေ့ဆုံရာမှာ စလော့က ပြီးခဲ့တဲ့ နွေရာသီမှာ ယာဂန် ကလော့ပ်ဆီကနေ တာဝန်လွှဲပြောင်းယူပြီးနောက် လီဗာပူးလ်ကို လိဂ်ချန်ပီယံဖြစ်အောင် ဦးဆောင်ရတဲ့ စိန်ခေါ်မှုတွေအကြောင်း ပြောပြခဲ့ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြက “လီဗာပူးအတွက် ဒီဆင်ခြေအားလုံးကို ပေးလို့ရပါတယ်။ ကျွန်တော်တို့ အသုံးစရိတ် အများကြီး မသုံးတာမျိုး ဒါမှမဟုတ် ကစားသမားသစ်တွေ မခေါ်တာမျိုး ဒါမှမဟုတ် တစ်ယောက်ယောက်ဆီကနေ တာဝန်လွှဲပြောင်းယူရတာမျိုးပေါ့။”
Photo Credit : Goal
“ဒီအရာအားလုံးက လိဂ်ချန်ပီယံ မဖြစ်တဲ့ အသင်းတွေအတွက် ဆင်ခြေတွေပါပဲ။ ဒီဆင်ခြေအားလုံး ရှိနေပေမယ့်လည်း အသုံးမပြုခဲ့ရဘဲ ချန်ပီယံ ဖြစ်ခဲ့တာကတော့ တကယ်ကောင်းပါတယ်။” လို့ ဆိုပါတယ်။ စလော့ရဲ့ အသင်းဟာ ဒီရာသီထဲ ဆုဖလား(၄)လုံး လမ်းကြောင်းမှာ ရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်ကိုသာ ရရှိခဲ့ပြီး ကာရာဘောင်းမှာဆိုရင် ဗိုလ်လုပွဲရောက်ပြီးမှ နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့ရပါတယ်။
ဒါပေမယ့် စလော့ကိုယ်တိုင် ပြောခဲ့သလို သူရဲ့ ပထမဆုံး ပရီးမီးယားလိဂ်ရာသီလည်း ဖြစ်သလို အသင်းကလည်း ကစားသမား ဖြည့်တင်းမှုပါ မရှိသလောက် ဖြစ်နေတဲ့ အခြေအနေနဲ့ပါ ပရီးမီးယားလိဂ်ဖလားကို ရအောင် ယူပြနိုင်ခဲ့တာက အထင်ကြီးလောက်စရာ ဖြစ်နေရပြီး လာမယ့်ရာသီမှာ ပြိုင်ပွဲစုံ ဖလားစိန်ခေါ်နိုင်ဖို့အတွက်လည်း ပြင်ဆင်နေပြီ ဖြစ်ပါတယ်။