MySport Myanmar

ကစားသမားသစ် အီဆက်ကို ဖြည်းဖြည်းချင်းသာ ပွဲထွက်ခွင့်ပေးမယ်လို့ စလော့ ဆို

လီဗာပူးလ်နည်းပြချုပ် အာနေး စလော့က အသင်းရဲ့ ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးရှင် ကစားသမားသစ် အလက်ဇန်းဒါး အီဆက်ကို ပွဲကစားချိန်အပြည့်အဝပေးဖို့ အလျင်စလို လုပ်ဆောင်သွားမှာမဟုတ်ဘဲ ကြံ့ခိုင်မှု ပြန်လည်တည်ဆောက်ဖို့အတွက် ဖြည်းဖြည်းချင်းသာ ပွဲထွက်ခွင့်ပေးသွားမှာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

လီဗာပူးလ်အသင်းဟာ လာမယ့် စက်တင်ဘာလ (၁၇)ရက်နေ့မှာ ၂၀၂၅-၂၆ ချန်ပီယံလိဂ်ရာသီသစ် အဖွင့်ပွဲစဉ်အဖြစ် အက်သလက်တီကို မက်ဒရစ်အသင်းကို အန်ဖီးလ်ကွင်းမှာ လက်ခံကစားရမှာဖြစ်ပါတယ်။ ပေါင် (၁၂၅)သန်း အသုံးပြုပြီး ခေါ်ယူခဲ့ရတဲ့ အီဆက်ကို အပြောင်းအရွှေ့အပေါ် ပရိသတ်တွေ မျှော်လင့်ချက်ကြီးမားနေကြပေမယ့် ကစားသမားဟာ လွန်ခဲ့တဲ့ (၃)လနီးပါး ဘောလုံးနဲ့ကင်းကွာနေခဲ့တာကြောင့် သူ့ကို ဖြည်းဖြည်းချင်းသာ အသင်းနဲ့ ပြန်လည်ပေါင်းစည်းစေမှာဖြစ်ကြောင်း နည်းပြ စလော့က အတည်ပြုခဲ့ပါတယ်။

Photo Credit : The Liverpool Offside

နယူးကာဆယ်အသင်းမှာ သပိတ်မှောက်ခဲ့စဉ်က အီဆက်ဟာ အသင်းရဲ့ ရာသီကြိုခရီးစဉ်ရော ပရီးမီးယားလိဂ်အဖွင့် (၃)ပွဲကိုပါ လွဲချော်ခဲ့ပါတယ်။ အဲ့ဒီနောက် ဆွီဒင်အသင်းနဲ့ နိုင်ငံတကာပွဲစဉ်တွေ သွားကစားခဲ့ရာမှာလည်း နည်းပြ ဂျွန် ဒါးလ် တိုမာဆန်က သူ့ကို ဒဏ်ရာမရစေဖို့အတွက် ဂရုတစိုက်အသုံးပြုခဲ့ပြီး ကိုဆိုဗိုနဲ့ပွဲမှာသာ (၁၇)မိနစ်ခန့် လူစားဝင်ကစားခွင့် ပေးခဲ့ပါတယ်။ အီဆက်ဟာ ဒီတစ်ပတ်မှာ ကစားမယ့် ဘန်လေနဲ့ ပရီးမီးယားလိဂ်ပွဲမှာ ပွဲဦးထွက်ကစားခွင့် မိနစ်အနည်းငယ် ရရှိနိုင်ပေမယ့် အဆိုပါပွဲ သို့မဟုတ် အက်သလက်တီကိုနဲ့ပွဲမှာ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာဖို့ကတော့ အခွင့်အလမ်းနည်းပါးနေကြောင်း စလော့က အရိပ်အမြွက်ပြောကြားခဲ့ပါတယ်။

Liverpool Echo သတင်းဌာနရဲ့ ဖော်ပြချက်အရ စလော့က “ဆွီဒင်နည်းပြ တိုမာဆန်က တကယ်ကို ချီးကျူးထိုက်ပါတယ်။ ဘာလို့လဲဆိုတော့ သူက ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးတစ်ယောက်ကို ပိုင်ဆိုင်ထားပြီး သူ့နိုင်ငံအတွက်လည်း လိုအပ်နေပေမယ့် ကစားသမားကို အတင်းအကျပ်ကစားခိုင်းရင် ဒဏ်ရာရနိုင်တာကို နားလည်တဲ့အတွက် ကစားသမားကို ဂရုစိုက်ပေးခဲ့တယ်။ ကျွန်တော်တို့လည်း အဲလက်စ် (အီဆက်) ကို အဲ့ဒီအတိုင်းပဲ ဆက်ဆံသွားမှာပါ။ သူ့ကို ပွဲတိုင်း မိနစ်(၉၀) ကစားမယ်လို့ မမျှော်လင့်ထားပါနဲ့။”

Photo Credit : This is Anfield

“သူက ရာသီကြိုလေ့ကျင့်ခန်းတွေရော အသင်းလိုက်လေ့ကျင့်ခန်းတွေပါ လွဲချော်ခဲ့တာဖြစ်လို့ သူ့ကို ကျွန်တော်တို့ ဖြည်းဖြည်းချင်း ပြန်လည်တည်ဆောက်ပေးရမှာပါ။ ဒါက စိန်ခေါ်မှုတစ်ခုဖြစ်လာမှာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ သူ့ကို (၆)နှစ်စာချုပ်နဲ့ ခေါ်ယူထားတာဖြစ်ပြီး ပရိသတ်တွေအနေနဲ့ ဒီအချက်ကို အမြဲတမ်း စိတ်ထဲမှာထားပေးဖို့ လိုပါတယ်။” လို့ နည်းပြက ပရိသတ်တွေကို မေတ္တာရပ်ခံခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရာသီက နည်းပြသစ် စလော့ရဲ့ လက်ထက်မှာ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူထားနိုင်ခဲ့ပါတယ်။ သူတို့ဟာ အက်သလက်တီကို မက်ဒရစ်နဲ့ ပြီးခဲ့တဲ့ (၆)ရာသီအတွင်း ချန်ပီယံလိဂ်မှာ တတိယအကြိမ် ပြန်လည်တွေ့ဆုံခြင်းလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်က ဒီယေဂို ဆီမြွန်နီရဲ့အသင်းက ချန်ပီယံဆုကာကွယ်နေတဲ့ လီဗာပူးလ်ကို ပြိုင်ပွဲကနေ ဖြုတ်ချနိုင်ခဲ့ပေမယ့် ၂၀၂၁-၂၂ ရာသီ အုပ်စုအဆင့်မှာတော့ ယာဂန် ကလော့ပ်က အိမ်ကွင်း အဝေးကွင်း နှစ်ကျော့စလုံး အနိုင်ယူပြီး လက်စားချေနိုင်ခဲ့ပါတယ်။

Exit mobile version