ဒီရက်ပိုင်းအတွင်းမှာပဲ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အလိုအရှိဆုံး ကစားသမားတစ်ယောက် ဖြစ်လာခဲ့ရတဲ့ ဝါရင့် တိုက်စစ်ကစားသမားကြီး မာကိုအနော်တိုဗစ်ကို အသင်းကနေ ရောင်းထုတ်သွားဖို့ အစီအစဉ် မရှိဘူးလို့ အနော်တိုဗစ်ရဲ့ လက်ရှိကလပ် ဘိုလော့ဂ်နာအသင်း အားကစားဒါရိုက်တာက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Image

Photo Credit : Twitter

ဒီနှစ် နွေဈေးကွက်ထဲမှာ တိုက်စစ်ကစားသမား တစ်ဦးကိုမှ ခေါ်ယူထားခြင်း မရှိသေးတဲ့ မန်ယူနိုက်တက်အသင်းဟာ အပြောင်းအရွှေ့ ဈေးကွက်မပိတ်သိမ်းခင်မှာပဲ ပရီးမီးယားလိဂ် ကစားသမားဟောင်းဖြစ်သူ အနော်တိုဗစ်ကို ခေါ်ယူသွားဖို့အတွက် အသေအချာ ကြိုးပမ်းလာခဲ့ပေမယ့် အသင်းရဲ့ ကနဦး ကမ်းလှမ်းချက်ကိုတော့ ဘိုလော့ဂ်နာအသင်းဘက်က ပယ်ချသွားခဲ့ပါတယ်။ ဒါပေမယ့် ဒီမာဇီယိုရဲ့ သတင်းဖော်ပြချက်မှာတော့ အနော်တိုဗစ်ဟာ မန်ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဂ် အလိုရှိနေတဲ့ ကစားသမားမျိုး ဖြစ်နေတာကြောင့် နောက်ထပ် ကမ်းလှမ်းမှုတွေ ထပ်မံ လုပ်ဆောင်သွားဖွယ် ရှိနေတယ်လို့ သိရပါတယ်။

Marko Arnautovic: Agent gives Man Utd transfer belief, but unimpressed Gary  Neville fuming at Red Devils latest move

Photo Credit : TEAMtalk

အနော်တိုဗစ်ရဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ဘိုလော့ဂ်နာအသင်းရဲ့ ဒါရိုက်တာဖြစ်သူ မားကို့ဒီဗာယို့က “အနော်တိုဗစ်ကို မန်ချက်စတာယူနိုက်တက်ဘက်က စိတ်ဝင်စားနေတာလား။ မာကိုအတွက် မန်ယူနိုက်တက်အသင်းရဲ့ စိတ်ဝင်စားမှုကို ကျွန်တော်တို့ ဂုဏ်ယူမိပေမယ့် သူ့ကို ရောင်းချဖို့ မစီစဉ်ထားပါဘူး။ အသင်းရဲ့ဥက္ကဌ ပြောခဲ့သလိုပဲ သူ့ကို အသင်းမှာသာ ဆက်ထားချင်ပါတယ်။ သူက ကျွန်တော်တို့အသင်းရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခုပါ။ သူ့အတွက် ဈေးသတ်မှတ်ထားတာမျိုးတောင် မရှိဘူး” လို့ တုံ့ပြန်ပြောဆိုထားခဲ့သလို ဘိုလော့ဂ်နာနည်းပြ မီဟိုင်းလိုဗစ်ကလည်း “မာကိုသာ ယူနိုက်တက်ကို ရောက်သွားခဲ့ရင် ကျွန်တော် ပျော်ရွှင်မိမှာ ဆိုပေမယ့် သူ ဒီအသင်းကနေ ထွက်ခွာမယ်လို့ ကျွန်တော် မထင်ပါဘူး။ ကျွန်တော် အနော်တိုဗစ်ကို မန်ယူနိုက်တက်ရဲ့ ကမ်းလှမ်းချက်နဲ့ ပတ်သက်ပြီး ပြောဆိုခဲ့ပါသေးတယ်။ သူ ထွက်ခွာသွားမယ်ဆိုရင်တော့လည်း ဒါကို ကျွန်တော်တို့ တွေ့မြင်ရမှာပါ။ ဒါပေမယ့် ကျွန်တော်ကတော့ သူ မထွက်သွားလောက်ဘူးလို့ပဲ ထင်ပါတယ်” လို့ ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။ အသက်(၃၃)နှစ်အရွယ်ရှိ သြစတြီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အနော်တိုဗစ်ဟာ ပြီးခဲ့တဲ့နွေကမှ ဘိုလော့ဂ်နာအသင်းဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် တစ်ရာသီ ကစားခဲ့ပြီးနောက် သွင်းဂိုး (၁၅)ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပါတယ်။