ယူရို၂၀၂၀ပြိုင်ပွဲဝင် ဩစတီးယားအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ အာနူတိုဗစ်ကတော့ ကစားသမား ဘဝရဲ့ နောက်ဆုံးအချိန် အပိုင်းအခြားကို အသီးသီး ရောက်ရှိနေကြတဲ့ ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုနဲ့ အာဂျင်တီးနားအသင်းရဲ့ တိုက်စစ်မှူး လီယွန်နယ် မက်ဆီတို့ဟာ ဘောလုံးလောကရဲ့ ဂြိုလ်သားတွေ ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ရိုနယ်ဒိုနဲ့ အသက် ၃၄နှစ် အရွယ် မက်ဆီတို့ဟာ မကြာခင်မှာပဲ ဘောလုံး ကစားသမားဘဝ ကနေ အနားယူရတော့မယ့် ကစားသမားတွေ ဖြစ်ပေမယ့် နှစ်ဦးစလုံးဟာ လက်ရှိအချိန်အထိ ကမ္ဘာ့အဆင့် ခြေစွမ်းတွေကို ပိုင်ဆိုင်ထားဆဲ ဖြစ်သလို သက်ဆိုင်ရာ ကလပ်အသင်းတွေရဲ့ မရှိမဖြစ် ကစားသမားတွေလည်း ဖြစ်ပါတယ်။

Photo Credit: Mirror

အသက် ၃၆နှစ် အရွယ် ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၆ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့သလို လက်ရှိ ယှဉ်ပြိုင်နေတဲ့ ယူရို၂၀၂၀ ပြိုင်ပွဲမှာလည်း ပေါ်တူဂီအသင်း အတွက် ၃ပွဲ ကစားပြီးချိန်မှာ သွင်းဂိုး ၅ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်ထားနိုင်သူပါ။

အသက် ၃၄နှစ် အရွယ် မက်ဆီကလည်း ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာအသင်း အတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၈ဂိုး အထိ သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၁၄ကြိမ် ပြုလုပ်နိုင်ခဲ့သလို လက်ရှိ ယှဉ်ပြိုင်နေတဲ့ ကိုပါအမေရိကပြိုင်ပွဲမှာလည်း အာဂျင်တီးနားအသင်း အတွက် ၃ပွဲ ပါဝင် ကစားထားချိန်မှာ သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Mirror

ဒါကြောင့်ပဲ ရိုနယ်ဒိုနဲ့ မက်ဆီတို့ကို ဘောလုံးလောကရဲ့ ပြိုင်ဘက်ကင်း ကစားသမားတွေ အဖြစ် သတ်မှတ် ထားကြပြီး ဩစတီးယားအသင်းရဲ့ တိုက်စစ်မှူး အာနူတိုဗစ်ကတော့ မက်ဆီနဲ့ ရိုနယ်ဒိုတို့ဟာ ဂြိုလ်သားတွေ ဖြစ်ကြောင်း သူ့ရဲ့ အမြင်ကို ပြောပြသွားပါတယ်။

အာနူတိုဗစ်က – “ခင်ဗျားက ရိုနယ်ဒိုရဲ့ နာမည်ကို ပြောလိုက်ပြီဆိုရင် ကျွန်တော်တို့ဟာ လူသား မဟုတ်တဲ့ ကစားသမား တယောက်ရဲ့ အကြောင်းကို ပြောနေတယ်လို့ပဲ မှတ်ယူရပါလိမ့်မယ်။ ဒါပါပဲ။ သူနဲ့ ပတ်သတ်ပြီး ကျွန်တော်က ဘာများ ပြောနိုင်မှာလဲဗျာ။ ဘောလုံးလောကမှာ ကမ္ဘာပေါ်က မဟုတ်တဲ့ ကစားသမား ၂ယောက် ရှိပါတယ်။ သူတို့က ကမ္ဘာနဲ့ အရမ်းဝေးကွာတဲ့ အရပ်ကနေ လာကြပြီး သူတို့ရောက်တဲ့ နေရာတိုင်းမှာ ဆုဖလားတွေ ရယူဖို့ အတွက် ရောက်လာကြတာပါ။ ဆုဖလားတွေ အကုန်လုံးကို ယူပြီးရင်တော့ သူတို့က ပြန်ပြီး ထွက်ခွာသွားမှာပါ။ သူတို့ကတော့ ရိုနယ်ဒိုနဲ့ မက်ဆီပါပဲ” လို့ ပြောကြားသွားတာပါ။