တရုတ်စူပါလိဂ်ပြိုင်ပွဲမှာ ဘောလုံးသမားတွေအတွက် လစာလျော့ချမှုတွေ သတ်မှတ်လာပြီးနောက်မှာတော့ ဒီပြိုင်ပွဲအတွင်း လုပ်ခလစာတွေကို တပုံတပင်ရရှိနေကြတဲ့ ကစားသမားတွေက ဒီသတ်မှတ်ချက်အပေါ် စိတ်ပျက်လာခဲ့ကြလို့ အသင်းတွေနဲ့ လက်တွဲဖြုတ်မှုတွေပါ ဖြစ်ပေါ်လာခဲ့ကြပါတယ်။ အခုလည်း ထိပ်သီးတရုတ်ကလပ်အသင်းတစ်သင်းဖြစ်တဲ့ ရှန်ဟိုင်း SIPG အသင်းရဲ့ တိုက်စစ်ကစားသမား မာကိုအနော်တိုဗစ်ဟာလည်း အသင်းနဲ့ လမ်းခွဲရဖို့ နီးစပ်လာခဲ့ပါတယ်။

Photo Credit : SCMP

အသက်(၃၁)နှစ်အရွှယ်ရှိ သြစတြီးယားလက်ရွေးစင် တိုက်စစ်ကစားသမား အနော်တိုဗစ်ဟာ ၂၀၁၉ခုနှစ်ကမှ ဝက်စ်ဟမ်းကနေ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်း SIPG အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၂၂)သန်းဝန်းကျင်လောက်နဲ့ ပြောင်းရွှေ့ခဲ့ပြီး ရှန်ဟိုင်းအသင်းရဲ့ အဓိက တိုက်စစ်မှူးတစ်ယောက်အဖြစ် ရပ်တည်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီနောက်ပိုင်းမှာတော့ တရုတ်ဘောလုံးအဖွဲ့ချုပ်ကနေပြီး လစာကန့်သတ်မှုတွေ လျော့ချမှုတွေကို လုပ်ဆောင်လာခဲ့တဲ့အတွက် အနော်တိုဗစ်လို လစာများများရနေကြတဲ့ ကစားသမားတွေအားလုံးက တရုတ်ကနေ ဥရောပဘောလုံးလောကထဲကို ပြန်လည်ကူးပြောင်းကြဖို့ စတင်ဆောင်ရွှက်လာခဲ့ကြပါတယ်။

Photo Credit : Premier League

လက်ရှိအချိန်မှာ ဘောလုံးအသင်းတိုင်းက ဘဏ္ဍာရေးပိုင်းဆိုင်ရာ အကျပ်အတည်းတွေနဲ့ ကြုံတွေ့ခံစားနေရတဲ့အတွက် အသင်းက ကစားသမားတချို့ကို ရောင်းထုတ်တာတွေ အငှားချတာတွေကို လုပ်ဆောင်လာနေကြပြီး ရှန်ဟိုင်း SIPG အသင်းဘက်ကနေလည်း သူတို့အသင်းမှာ လစာများစွာ ပေးချေနေရတဲ့ အနော်တိုဗစ်ကို အခုဆောင်းစျေးကွက်အတွင်းမှာပဲ အငှားချဖွယ် ရှိနေပါတယ်။ ဒီလို အသင်းနဲ့ ခဏတာလောက် လက်တွဲဖြုတ်ရဖွယ် ရှိလို့နေတဲ့ အနော်တိုဗစ်ကို သူရဲ့အသင်းဟောင်းဖြစ်တဲ့ ဝက်စ်ဟမ်းယူနိုက်တက်အသင်းကနေ ရာသီကုန်အငှားစာချုပ်နဲ့ ပြန်လည်ခေါ်ယူသွားချင်နေပြီး သိပ်မကြာသေးခင်ကမှ အေဂျက်စ်အသင်းဆီကို ရောင်းချလိုက်ရတဲ့ အိုင်ဗရီကို့စ်တိုက်စစ်ကစားသမား ဟယ်လာရဲ့နေရာမှာ အစားထိုးချင်နေတာဖြစ်ပါတယ်။ ဝက်စ်ဟမ်းအသင်းဟာ ဟယ်လာနေရာမှာ အစားထိုးဖို့အတွက် ချယ်လ်ဆီးတိုက်စစ်မှူးဂျရူး လိုင်ယွန်တိုက်စစ်မှူးဒမ်ဘီလီတို့ကို ကြိုးပမ်းခဲ့ပေမယ့် မအောင်မြင်ခဲ့တာကြောင့် အသင်းရဲ့တိုက်စစ်မှူးဟောင်းတစ်ဦးဖြစ်ခဲ့ဖူးတဲ့ အနော်တိုဗစ်ကို ကာလတိုအငှားစာချုပ်နဲ့ ပစ်မှတ်ထားလာခဲ့တာဖြစ်ပါတယ်။ အနော်တိုဗစ်ဟာ သူရဲ့ကစားသမားဘဝအတွင်း အင်တာမီလန် ဝါဒါဘရီမင် စတုတ်စီးတီး အက်စီတွမ်တီး ဝက်စ်ဟမ်းအသင်းတွေမှာ ပါဝင်ကစားခဲ့ဖူးသူလည်းဖြစ်ပါတယ်။