ခွဲစိတ်ဖို့လိုအပ်နေတဲ့ ဒဏ်ရာပြသာနာ မကြာခင်မှာ အသက်(၄၀)အထိ ပြည့်မြောက်တော့မယ့် အသက်အရွှယ်နဲ့ လတ်တလော ကိုဗစ်ပြသာနာကြောင့် ဘောလုံးပွဲတွေ ရပ်နားထားရမှုတွေ အားလုံးက ဘီလ်ဘာအိုအသင်းရဲ့ တိုက်စစ်ကစားကြီး အဒူရစ်ဇ်ကို ဘောလုံးသမားဘဝက အဆုံးသတ်စေဖို့ တွန်းအားပေးစေခဲ့ပြီး မေလ(၂၀)ရက်နေ့မှာပဲ သူရဲ့ ဘောလုံးသမားဘဝကို နိဂုံးချုပ်လိုက်ပြီဖြစ်ကြောင်း တရားဝင်ထုတ်ပြန်ကြေညာလာခဲ့ပါတယ်။

Photo Credit : Egpyt Today

အသက်(၃၉)နှစ်အရွှယ်ရှိ ဝါရင့်စပိန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားကြီး အဒူရစ်ဇ်ဟာ ဘီလ်ဘာအိုအသင်းနဲ့အတူ နာမည်ကျော်လာခဲ့သူဖြစ်ပြီးတော့ အသင်းအတွက် သွင်းဂိုးပေါင်း(၂၀၀)ကျော်အထိ သွင်းယူပေးထားခဲ့တဲ့ ဂိုးသွင်းစက်ကြီးလည်းဖြစ်ပါတယ်။ ဘီလ်ဘာအိုအသင်းမှာ (၃)ကြိမ်အထိ ပါဝင်ကစားခဲ့ဖူးတဲ့ အဒူရစ်ဇ်ဟာ ဗလန်စီယာ ဗယ်လာဒိုးလစ် မာယော့ကာအသင်းတွေမှာလည်း ကျင်လည်ခဲ့ဖူးသူဖြစ်ပြီးတော့ အသင်းလိုက် အောင်မြင်မှုအဖြစ် ၂၀၁၅ခုနှစ်မှာ စပိန်စူပါဖလားကို ဘီလ်ဘာအိုအသင်းနဲ့အတူ ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အဒူရစ်ဇ်က စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၃)ပွဲအထိ ပါဝင်ကစားခဲ့ဖူးပါသေးတယ်။

Photo Credit : Explica

အခုလို ကစားသမားဘဝကနေ အနားယူလိုက်တာနဲ့ပတ်သက်ပြီးတော့ အဒူရစ်ဇ်က “အချိန်ကျရောက်လာခဲ့ပါပြီ။ မနေ့ကပဲ ကျွန်တော်ရဲ့ ဆရာဝန်တွေက ကျွန်တော်ခွဲစိတ်မှု ခံယူရမယ်ဆိုတာကို အကြောင်းကြားလာတယ်။ ပြီးရင် ကျွန်တော်ရဲ့ တင်ပါးအစားထိုးကုသမှုကို လုပ်ဆောင်ရပါတော့မယ်။ ပြီးရင်တော့ သာမာန်ဘဝလေး ပြန်လည်ရရှိလာအောင် ကြိုးစားရဦးမယ်။ အခုတော့ ကျွန်တော်ရဲ့ ခန္ဓာကိုယ်က အနားယူလိုက်ဖို့ကို အချက်ပြနေပါပြီ” လို့ တွစ်တာပေါ်ကနေ ရှင်းပြသွားခဲ့ပါတယ်။ တကယ်တမ်းတော့ အဒူရစ်ဇ်ဟာ ပြီးခဲ့တဲ့ ဧပြီလအတွင်းမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ စပိန်ကိုပါဒယ်ရေးဖိုင်နယ်ကို ဘီလ်ဘာအိုအသင်းနဲ့အတူ ဆင်နွဲဖို့ ဟန်ပြင်ထားခဲ့ပေမယ့်လည်း ကိုရိုနာဗိုင်းရပ်စ်ပြသာနာကြောင့် ပွဲရွှေ့ဆိုင်းထားရတဲ့အပြင် သူကိုယ်တိုင်ကလည်း အသက်အရွှယ်ထောက်လာခဲ့တဲ့အတွက် အနားယူဖို့ကိုပဲ ဆုံးဖြတ်ချက်ချခဲ့ရတာဖြစ်ပါတယ်။