အသက်လက်တီကိုမက်ဒရစ်အသင်းရဲ့ အာဂျင်တီးနား ကွင်းလယ်ကစားသမား ရိုဒရီဂိုဒီပေါလ်က မက်ဒရစ်မြို့ခံကလပ် ရီးယဲလ်မက်ဒရစ်အသင်းရဲ့ ဝါရင့် ကွင်းလယ်ကစားသမားကြီး လူကာမိုဒရစ်ကို ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူအဖြစ် ရွေးချယ် သတ်မှတ်သွားခဲ့ပါတယ်။

Photo Credit : DW

အာဂျင်တီးနားလက်ရွေးစင် ကွင်းလယ်ကစားသမား ဒီပေါလ်ဟာ content creator အာဒီကွန်တရာရပ်စ်နဲ့ အမေးအဖြေတွေ လုပ်ဆောင်ခဲ့ရင်း ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်ကစားသမားက ဘယ်သူလဲဆိုတဲ့ မေးခွန်းကို ရောက်လာခဲ့ချိန်မှာ ဒီပေါလ်က ရီးယဲလ်ကွင်းလယ်လူ မိုဒရစ်ကို ဖြေဆိုသွားခဲ့ပါတယ်။ ဒီပေါလ်ရဲ့အဖြေက အသက်လက်တီကို ပရ်ိသတ်တွေအတွက်တော့ စိတ်အဆင်မပြေစရာ ဖြစ်ကောင်းဖြစ်နိုင်ပေမယ့် မိုဒရစ်က ကမ္ဘာ့အကောင်းဆုံး ကွင်းလယ်လူတွေထဲမှာ တစ်ယောက် အပါအဝင် ဖြစ်နေမယ်ဆိုတာကိုတော့ ဘောလုံးပရိသတ်တိိုင်း လက်ခံရမှာ သေချာပါတယ်။

Photo Credit : Sport Brief

လက်ရှိမှာ အသက်(၃၇)နှစ်အရွယ်ကို ရောက်ရှိနေပြီဖြစ်တဲ့ ခရိုအေးရှား လက်ရွေးစင် ကွင်းလယ်ကစားသမားကြီး မိုဒရစ်ဟာ ၂၀၁၂ခုနှစ်ထဲက စပါးကနေ ရီးယဲလ်အသင်းဆီ ရောက်ရှိနေခဲ့တာဖြစ်ပြီး ရီးယဲလ်ကစားသမားအဖြစ် ဆယ်စုနှစ် တစ်ခုလောက်အထိ ဖြတ်သန်းနေခဲ့တာလည်း ဖြစ်ပါတယ်။ ၂၀၀၃ခုနှစ်ကတည်းက ဒိုင်နမိုဇာဂရက်အသင်းနဲ့အတူ စီနီယာ ကစားသမားဘဝကို စတင်ခဲ့တဲ့ မိုဒရစ်ဟာ လက်ရှိ ရီးယဲလ်မှာရော ခရိုအေးရှားမှာပါ နှစ်သင်းလုံးရဲ့ အရေးပါတဲ့ ကစားသမားတစ်ဦးအဖြစ် ရပ်တည်နေပါတယ်။ ဘောလုံးသမားတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ body structure မျိုး မပိုင်ဆိုင်ထားတဲ့အပြင် အရပ်အမြင့်ကလည်း (၅)ပေ(၈)လက်မသာ ရှိထားတဲ့ မိုဒရစ်က ချန်ပီယံလိဂ်ဖလားကို (၅)ကြိမ်ထိ ဆွတ်ခူးထားနိုင်တဲ့အပြင် ၂၀၁၈ခုနှစ်မှာ Ballon d’Or ဆုရှင်အဖြစ်ပါ သတ်မှတ်ခံခဲ့ရပါတယ်။ ဒါ့အပြင် မိုဒရစ်ဟာ ခရိုအေးရှားအသင်းနဲ့လည်း ၂၀၁၈ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဖိုင်နယ်အဆင့်ထိ တတ်လှမ်းခဲ့ပြီး ဒုတိယနေရာအထိပါ ရယူနိုင်ခဲ့ပါတယ်။ မိုဒရစ်ဟာ သူရဲ့စီနီယာ ကစားသမားဘဝတစ်လျှောက်လုံး ရယူသိမ်းပိုက်နိုင်ခဲ့တဲ့ အသင်းလိုက် ဆုဖလားတွေ တစ်ဦးချင်းဆုတံဆိပ်တွေ များစွာရှိနေရပြီး လက်ရှိမှာလည်း ရီးယဲလ်အတွက်ရော ခရိုအေးရှားအတွက် ပါဝင်ကစားပေးနိုင်သေးတဲ့ ဂန္တဝင်ကစားသမားတစ်ဦးအဖြစ် သတ်မှတ်ခံထားရမှာ အသေအချာပါပဲ။