ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းဟာ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ထိကို ရောက်ရှိခဲ့ပေမယ့် ဗီလာရီးယဲလ်အသင်းကို အရေးနိမ့်ခဲ့ရလို့ ဆုဖလားလက်မဲ့ရာသီ ထပ်မံကျော်ဖြတ်ခဲ့ရကာ ဆုဖလားအောင်မြင်မှုတွေ အလှမ်းဝေးနေဆဲ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ကွင်းလယ်ကစားသမား ဖရက်ဒ်ကတော့ သူတို့အသင်းအနေနဲ့ ကောင်းမွန်လှတဲ့ ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်နိုင်ခဲ့ရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၈)နှစ်အရွှယ်ရှိ ဘရာဇီးကွင်းလယ်ကစားသမား ဖရက်ဒ်က သူတို့ရဲ့ ယူနိုက်တက်အသင်းဟာ ရာသီအစမှာကတည်းက အကြိုပြင်ဆင်မှုတွေ မရှိခဲ့သလို တာထွက်လည်း မကောင်းမွန်ခဲ့ပေမယ့် တစ်ရာသီလုံးအနေနဲ့ ပြောရမယ်ဆိုရင်တော့ ကောင်းမွန်တဲ့ ဘောလုံးရာသီတစ်ခုကို ရရှိခဲ့ရတယ်လို့ သုံးသပ်ပြောဆိုလာခဲ့ပါတယ်။ ဖရက်ဒ်က “ကျွန်တော်တစ်ယောက်တည်းရဲ့ အမြင်အရဆိုရင်တော့ ကျွန်တော်တို့အသင်းက တစ်ရာသီလုံးမှာ အကောင်းဆုံး လုပ်ဆောင်နိုင်ခဲ့တဲ့အပြင် တိုးတတ်မှုတွေလည်း ရှိခဲ့တာ အသေအချာပါပဲ”

Photo Credit : Daily Mail

“ကျွန်တော်တို့တွေ တာထွက်လည်း မကောင်းမွန်ခဲ့သလို ရာသီအကြို ပြင်ဆင်မှုတွေကိုလည်း မလုပ်ဆောင်နိုင်ခဲ့ပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက ကျွန်တော်တို့တွေ ယူရိုပါလိဂ် ဆီမီးဖိုင်နယ်အထိကို ရောက်ရှိခဲ့ရ(ဆီဗီလာအသင်းနဲ့ ကစားခဲ့ရတဲ့ ဆီမီးဖိုင်နယ်)တာကြောင့် ဘောလုံးရာသီတစ်ခုကို ပိုရှည်ကြာသွားတဲ့အထိ ဖြစ်ခဲ့ရတယ်။ ဒါကြောင့်ပဲ ရာသီကြိုပြင်ဆင်မှုတွေကို ကောင်းကောင်းမလုပ်ဆောင်ခဲ့ရဘူး။ ဒါပေမယ့် ပြီးခဲ့တဲ့ရာသီတွေထက် ပိုကောင်းသထက် ကောင်းလာအောင် စွမ်းဆောင်နိုင်ခဲ့တယ်။ ယူရိုပါလိဂ်မှာလည်း ဗိုလ်လုပွဲအထိ တတ်လှမ်းနိုင်ခဲ့ရတယ်။ ဒါကြောင့် တစ်ရာသီလုံး ခြုံငုံပြီးပြောရမယ်ဆိုရင် ကျွန်တော်တို့အနေနဲ့ ကောင်းမွန်တဲ့ ရာသီတစ်ခုကို ပိုင်ဆိုင်ခဲ့ရတယ်။ ဒီထက်မကတဲ့ အောင်မြင်မှုတွေ ဆုဖလားတွေကို ရယူနိုင်ခဲ့သင့်ပေမယ့် ဒီရာသီကတော့ ကျွန်တော်တို့အတွက် ထူးခြားကောင်းမွန်တယ်လို့ပဲ မြင်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဖရက်ဒ်ဟာ ဒီနှစ်ဘောလုံးရာသီမှာ ယူနိုက်တက်ရဲ့ အဓိက ကစားသမားအဖြစ်နဲ့ ပြိုင်ပွဲစုံပွဲပေါင်း (၄၈)ပွဲအထိကို ပါဝင်ကစားနိုင်ခဲ့တဲ့အပြင် ပရီးမီးယားလိဂ်မှာလည်း (၂၇)ပွဲအထိကို ပွဲထွက်ကစားခဲ့ရပါတယ်။ အခုလို အသင်းရဲ့ ပွဲထွက်ကစားသမားအဖြစ် ပွဲပေါင်းများစွာ ပါဝင်ကစားရခြင်းဟာ သူ့အတွက် အရေးကြီးတဲ့ ကိစ္စရပ်ဖြစ်ပြီး အသင်းနဲ့လည်း ဆုဖလားအောင်မြင်မှုတွေကို ရယူသွားချင်တယ်လို့ ဖွင့်ဟပြောဆိုသွားခဲ့ပါတယ်။