မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အဓိက ကစားသမားတစ်ဦးဖြစ်တဲ့ ခရစ္စတီယာနိုရော်နယ်လ်ဒိုက ယူနိုက်တက်နဲ့ အတ္တလန်တာအသင်းတို့ ယှဉ်ပြိုင်ခဲ့ကြတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းအပြီးမှာ အသင်းဖော်တွေရဲ့ ကစားအား ကစားပုံတွေနဲ့ပတ်သက်ပြီး စိတ်ပျက်ခဲ့ရတဲ့အတွက် တချိန်က ယူနိုက်တက်နည်းပြဟောင်းကြီး ဆာအဲလက်စ်ဖာဂူဆန် ကျင့်သုံးခဲ့ဖူးတဲ့ Hairdryer Treatment ဆိုတဲ့ ဆူပူကြိမ်းမောင်းမှုတွေကို လုပ်ဆောင်ခဲ့ပြီး ဒုတိယပိုင်းမှာ နိုင်ပွဲပြန်ယူနိုင်ဖို့ မဖြစ်မနေ လိုအပ်ကြောင်း တိုက်တွန်းမှုတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းဟာ အတ္တလန်တာအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ်ပွဲစဉ်ရဲ့ ပထမပိုင်းမှာပဲ ပြိုင်ဘက်အသင်းကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်နေခဲ့ရတာဖြစ်ပေမယ့် ဒုတိယပိုင်းမှာ အကောင်းဆုံးပုံစံနဲ့ ပြန်လာနိုင်ခဲ့ပြီး ချေပဂိုးတွေ အနိုင်ဂိုးတွေ ဆက်တိုက်သွင်းယူကာ (၃)ဂိုး(၂)ဂိုးနဲ့ အနိုင်ရသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းရဲ့ ပထမပိုင်း ကစားပုံကို အသင်းသား ရော်နယ်လ်ဒိုကိုယ်တိုင် စိတ်ပျက်ခဲ့ရတာကြောင့် အသင်းဖော်တွေအပေါ် ဆူပူကြိမ်းမောင်းမှုတွေ လုပ်ဆောင်ခဲ့တဲ့အပြင် အသင်းကိုပါ အရှုံးကနေ အနိုင်ရလဒ်ထိ စွမ်းဆောင်လာဖို့အတွက် တွန်းအားမှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : The Sun

ယူနိုက်တက်အသင်းရဲ့ သတင်းအရင်းအမြစ်တွေကို ရှာဖွေတင်ဆက်နေသူတစ််ဦးက “ရော်နယ်လ်ဒိုက သူတို့ရဲ့ စွမ်းဆောင်ရည်တွေနဲ့ပတ်သက်ပြီး လက်သင့်ခံနိုင်စရာ မရှိကြောင်းကို ကြိမ်းမောင်းပြောဆိုခဲ့တယ်။ အိမ်ကွင်းပရိသတ်တွေ အရှေ့မှာ မန်ချက်စတာယူနိုက်တက်အသင်းက ဒီလိုကြီး ကစားနေရမှာ မဟုတ်ဘူး မင်းတို့တွေ ဒီလို ကစားနေရတာကို မရှက်ဘူးလို့လည်း မေးခွန်းထုတ်သေးတယ်။ နောက်ပြီး သူက သူတို့အသင်းအနေနဲ့ ဒီပွဲကို အနိုင်ရဖို့ လိုအပ်ကြောင်းနဲ့ မနိုင်ခဲ့ဘူးဆိုရင် ချန်ပီယံလိဂ်ပြိုင်ပွဲမှာ နောက်တစ်ဆင့်တတ်ဖို့ မလွယ်ကူနိုင်တော့ကြောင်းကိုပါ ပြောဆိုခဲ့သေးတယ်။ အဲ့ဒီနောက်မှာ ဒီပွဲရဲ့ အကောင်းဆုံး ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရတဲ့ ကွင်းလယ်ကစားသမား ဘရူနိုဖာနန်ဒက်စ်ကလည်း နည်းစနစ်ပိုင်း အပြောင်းအလဲ လုပ်သင့်ကြောင်းနဲ့ ဘောလုံးပိုမို ရယူနိုင်ဖို့အတွက် သူ့ကိုပါ Deep Role Position မှာ ကစားခွင့်ပေးဖို့ပါ တောင်းဆိုခဲ့သေးတယ်လို့ သိရပါတယ်။ ယူနိုက်တက်အသင်းဟာ ဒီနိုင်ပွဲကြောင့် အုပ်စု F ရဲ့ အုပ်စုဗိုလ်နေရာမှာ ရပ်တည်နေနိုင်ပြီး နောက်တစ်ဆင့်တတ်ဖို့ပါ အခြေအနေကောင်းလာခဲ့ရပါတယ်။