MySport Myanmar

ဒီယောင်းကို လုံးဝ မရောင်းချသွားချင်ဘူးလို့ ထပ်မံ ပြောဆိုလိုက်တဲ့ လာပေါ်တာ

ဘာစီလိုနာအသင်းဥက္ကဌဖြစ်သူ ယိုဟန်လာပေါ်တာကတော့ ဒီနွေဈေးကွက်အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ အတော်လေး ထွက်ပေါ်နေတဲ့ ကွင်းလယ်ကစားသမား ဖရန်ကီဒီယောင်းကို အသင်းကနေ လုံးဝ ရောင်းမထုတ်သွားချင်ဘူးလို့ ထပ်မံပြောကြားလိုက်ပါတယ်။

Photo Credit : Football News

ယူနိုက်တက်အသင်းရဲ့ နည်းပြသစ် ဖြစ်လာခဲ့တဲ့ အဲရစ်တန်ဟက်ဂ်က သူရဲ့အသင်းအတွက် တပည့်ဟောင်း ဒီယောင်းကို ခေါ်ယူသွားချင်နေပြီး ကမ်းလှမ်းမှုတွေ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း လက်ရှိအချိန်ထိ အပြောင်းအရွှေ့က အထမမြောက်နိုင်သေးပဲ ဖြစ်နေခဲ့ရပါတယ်။ အဓိကတော့ လုပ်ခလစာ မြင့်မားတဲ့ အသင်းသားတစ်ချို့ကို လစာလျှော့ချရဖွယ် ရှိနေတဲ့ ဘာစီလိုနာက သူတို့တောင်းဆိုထားတဲ့ တန်ကြေးမျိုးနဲ့ ဒီယောင်းကို ယူနိုက်တက်ဘက်က ကမ်းလှမ်းလာမယ်ဆိုရင် ရောင်းချသွားနိုင်တဲ့ အခြေအနေမျိုး ရှိနေပေမယ့်လည်း ကစားသမားကိုယ်တိုင်က ဘာစီလိုနာမှာသာ ဆက်နေချင်သလို ဘာစီဥက္ကဌ လာပေါ်တာကလည်း ဒီယောင်းလို top player မျိုးကို အသင်းမှာပဲ ထားရှိချင်နေပါတယ်။

Photo Credit : Sportskeeda

အခုလည်း ဥက္ကဌလာပေါ်တာက အသင်းရဲ့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ဒီယောင်းနဲ့ ပတ်သက်ပြီး “ဖရန်ကီဒီယောင်းက ဘာစီလိုနာ ကစားသမားပါ။ သူ့အတွက် ကမ်းလှမ်းမှုတွေ ရှိနေတယ်ဆိုတာကို သိထားရပေမယ့်လည်း ကျွန်တော်တို့ သူ့ကို မရောင်းချချင်ပါဘူး” လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ လက်ရှိမှာ ဘာစီလိုနာက ဒီယောင်းနဲ့ ကစားတဲ့ နေရာချင်းတူတဲ့ ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆေးကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားနိုင်ခဲ့သလို အသင်း ကွင်းလယ်ပိုင်းမှာလည်း ဝါရင့်ကစားသမားတွေဖြစ်တဲ့ ဘူးစကတ် ပီယာနစ်တို့နဲ့အတူ ပတ်ဒရီ ဂါဗီ နီကိုးဂွန်ဇာလက်ဇ်တို့ပါ ရှိနေတဲ့အတွက် ဒီယောင်းရဲ့ ဘာစီလိုနာ ကစားသမားဘဝ အနာဂတ်က မှန်းဆရခက်နေပါတယ်။ ယူနိုက်တက်ကတော့ ဒီနွေမှာ ဒီယောင်းတစ်ဦးတည်းကိုပဲ ဦးစားပေး ပစ်မှတ်ထားနေပြီး လက်ရှိအခြေအနေအရ ပြောင်းရွှေ့ကြေး ယူရို(၆၅)သန်းနဲ့ အပိုဆုကြေးတို့ ပေါင်းစပ် ကမ်းလှမ်းထားမှုထက် တိုးမြှင့်ကမ်းလှမ်းရဖွယ် ရှိနေရပါတယ်။ လောလောဆယ်မှာတော့ ယူနိုက်တက်ဟာ ဘယ်နောက်ခံလူ မာလာစီယာကို ခေါ်ယူထားပြီး ဝါရင့်ကွင်းလယ်လူ အဲရစ်ဆင်ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိထားခဲ့သလို ဒီယောင်းနဲ့ အေဂျက်စ်နောက်ခံလူ လီဆန်ဒရိုမာတီနက်ဇ်တို့ကိုလည်း ထပ်မံခေါ်ယူဖွယ် ရှိနေပါတယ်။

Exit mobile version