စပိန်လာလီဂါ ထိပ်သီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ဗဟိုနောက်ခံလူ အာရူဟိုက လတ်တလောမှာ ရလဒ်တွေ ဆိုးဝါးနေမှုကို မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားရမယ့် ရီးရဲလ်မက်ဒရစ်နဲ့ ပွဲစဉ်မှာ ချေဖျက်ဖို့ သူ့ရဲ့ အသင်းဖော်တွေကို တိုက်တွန်းသွားခဲ့ပါတယ်။

ဘာစီလိုနာက ယခုနှစ် ဘောလုံးရာသီမှာ စပိန် စူပါလိဂ်ဖလားကို သိမ်းပိုက်ထားနိုင်သလို လာလီဂါပြိုင်ပွဲမှာလည်း ဒုတိယနေရာမှာ ရှိနေတဲ့ ရီးရဲလ်မက်ဒရစ်ကို ရမှတ် ၇မှတ် ဖြတ်တောက်ထားနိုင်တဲ့ အထိ ခြေစွမ်းကောင်းတွေ ရရှိနေပါတယ်။

Photo Credit: AS English

ဒါပေမယ့် ဘာစီလိုနာက နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၄ပွဲမှာ ၁ပွဲသာ အနိုင်ရခဲ့သလို ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ကို နှစ်ကျော့ပေါင်း ရလဒ် ၄-၃နဲ့ ရှုံးနိမ့်ကာ ယူရိုပါလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီး နောက်ဆုံး ကစားခဲ့တဲ့ လာလီဂါပြိုင်ပွဲမှာလည်း မထင်မှတ်ပဲ အယ်မေးရီးယားကို အဝေးကွင်းမှာ ၁-၀ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဘာစီလိုနာ ပရိသတ်တွေက သူတို့အသင်း လမ်းကြောင်းမှန်ပေါ် ကနေ သွေဖယ်သွားမှာကို စိုးရိမ်နေကြပြီး ဘာစီလိုနာရဲ့ အဓိက နောက်ခံလူ တဦး ဖြစ်သူ အာရူဟိုကတော့ ရလဒ်ဆိုးတွေ ကြုံနေရပေမယ့် သူတို့အသင်းက စည်းလုံးညီညွတ်နေဆဲ ဖြစ်သလို ရီးရဲလ်မက်ဒရစ်နဲ့ ကစားရမယ့် ကိုပါဒယ်ရေး ဆီမီးဖိုင်နယ် ပထမအကျော့ပွဲမှာ ရလဒ်ကောင်း တခု ယူကာ အခြေအနေဆိုးတွေကို တွန်းလှန်ပစ်ဖို့ အဆင်သင့်ပဲလို့လည်း ဆိုလာပါတယ်။

Photo Credit: AS English

အာရူဟိုက – “အယ်ကလပ်စီကိုပွဲတွေက အမြဲတမ်း ထူးခြားနေတာပါ။ ပြီးတော့ လူတိုင်းက အယ်ကလပ်စီကိုပွဲမှာ ဝင်ရောက် ကစားချင်ကြပါတယ်။ ရီးရဲလ်မက်ဒရစ်က ထိပ်သီး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ ထိပ်တန်းအသင်း တသင်းပါ။ ကျွန်တော်တို့က သူတို့နဲ့ ရင်ဆိုင် ကစားဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ကျွန်တော်တို့အသင်းက မိသားစုကြီး တခုလိုပါပဲ။ ကစားသမားတွေကလည်း တယောက်နဲ့ တယောက် ရင်းနှီးကြပါတယ်။ ကျွန်တော်တို့က ၂ပွဲဆက် ရှုံးနိမ့်ထားပေမယ့် ကျွန်တော်တို့ရဲ့ အသင်းမှာ လုပ်နိုင်စွမ်းတွေ အများကြီး ရှိနေပါသေးတယ်။ ကျွန်တော်တို့က အိမ်မက်ဆိုးတွေ ကနေ နိုးထပြီး အခြေအနေဆိုးတွေကို ပြောင်းပြန်လှန်ပစ်ဖို့ အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။