ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲ့ စပိန်အင်အားကြီးကလပ် ဘာစီလိုနာရဲ့ အဓိက ဗဟိုနောက်ခံလူ အာရူဟိုက သူဟာ ဘာစီလိုနာမှာ ပျော်ရွှင်နေသလို ဘာစီလိုနာရဲ့ အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူနေရတဲ့ အတွက် ဂုဏ်ယူမိကြောင်း ပြောကာ အသင်းပြောင်းဖို့ စိတ်ကူးမရှိသေးကြောင်းအား နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၄နှစ် အရွယ် ဥရုဂွေးလက်ရွေးစင် ဗဟိုနောက်ခံလူ ရိုနယ် အာရူဟိုက ၂၀၁၈ခုနှစ်မှာ ဥရုဂွေးကလပ် ဘော်စတွန် ရေးဗားလ် ကနေ ဘာစီလိုနာဆီ ပြောင်းရွှေ့ကြေး ယူရို ၄သန်းနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး ဘာစီလိုနာဆီ ရောက်ခါစမှာ သူက ဘာစီလိုနာ လူငယ်အသင်း အတွက်သာ ကစားပေးခဲ့ရပေမယ့် ၂၀၂၀ခုနှစ်မှာတော့ အသင်းကြီးဆီ ခေါ်ယူခြင်း ခံခဲ့ရပါတယ်။

 

Photo Credit: Standard

ကနဦးမှာ အာရူဟိုက ညာနောက်ခံလူ အဖြစ် ကစားခဲ့ရပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ ကြံ့ခိုင်မှု ၊ ပြိုင်ဘက် တိုက်စစ်မှူးတွေကို တဦးချင်း လူကပ် ကစားနိုင်မှုနဲ့ ဗဟိုခံစစ် ကနေ ဘောလုံးဖြန့်ဝေနိုင်စွမ်းတို့ကြောင့် ဗဟိုနောက်ခံလူ အဖြစ် ပြောင်းလဲ ကစားခဲ့ရပါတယ်။

အာရူဟိုက ဗဟိုနောက်ခံလူ အဖြစ် ပြောင်းလဲ ကစားပြီးနောက် ဘာစီလိုနာနဲ့ ဥရုဂွေးတို့ရဲ့ အဓိက ​ဗဟိုနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းနဲ့ အလားအလာတို့ကြောင့် ဂျာမန် ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

 

Photo Credit: Barcelona

ဘိုင်ယန်မြူးနစ်က သူ့ကို ခေါ်ယူဖို့ ကြိုးစားမယ် ဆိုတဲ့ သတင်းတွေ အကြီးအကျယ် ထွက်ပေါ်နေပေမယ့် အာရူဟိုကတော့ အသင်းပြောင်းဖို့ စိတ်ကူးမရှိသေးပဲ ဘာစီလိုနာနဲ့အတူ အောင်မြင်မှုတွေ ရယူဖို့သာ ဆုံးဖြတ်ထားတယ်လို့ ဆိုလာပါတယ်။

အာရူဟိုက – “ဘာစီလိုနာမှာ ကစားနေရတာဟာ အရမ်းကို ထူးခြားလွန်းပါတယ်။ ပြီးတော့ ကျွန်တော်က အသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်ခွင့်ပါ ရထားပါတယ်။ အသင်းရဲ့ အလေးပေး ဆက်ဆံမှုတွေ အတွက် ဂုဏ်ယူမိသလို ကျွန်တော့်မှာ အသင်းအတွက် ပေးဆပ် ကစားပေးရမယ့် တာဝန် ရှိတယ်လို့လည်း ယုံကြည်ထားပါတယ်။ ကျွန်တော်တို့မှာ ကြီးမားတဲ့ ရည်မှန်းချက် ပန်းတိုင်တွေ ရှိသလို အဲ့ဒီအရာတွေ အတွက် တိုက်ပွဲဝင်ဖို့ အဆင်သင့်ပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။