ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ စပိန်လာလီဂါ အင်အားကြီးကလပ် ဘာစီလိုနာနဲ့ လာမယ့် ဘောလုံးရာသီ အကုန်မှာ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် နောက်ခံလူ အာရူဂျိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၂၂နှစ် အရွယ် ဥရုဂွေး ဗဟို နောက်ခံလူ အာရူဂျိုဟာ ၂၀၁၈ခုနှစ်မှာ ဥရုဂွေးကလပ် ဘော်စတွန် ရေးဗား ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ကြေး ယူရို ၁သိန်း ၇သောင်းခွဲနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ၂၀၂၃ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Express

အာရူဂျိုဟာ ကနဦးမှာ ဘာစီလိုနာ(B) အတွက် ပါဝင် ကစားပေးခဲ့ပေမယ့် ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီ အစမှ စတင်ကာ ဘာစီလိုနာ စီနီယာ အသင်းထံ ခေါ်ယူခံခဲ့ရပြီး အသင်းရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ခြေစွမ်းပြ ကစားထားနိုင်ပါတယ်။

အာရူဂျိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့ကာ အဝါကတ် ၃ကြိမ် ပြသခံခဲ့ရပါတယ်။

အာရူဂျိုဟာ ဘာစီလိုနာ အတွက် ယခုနှစ် ဘောလုံးရာသီမှာ အဓိက ကစားသမား တဦး အဖြစ် ခြေစွမ်းပြ ကစားနေနိုင်တာကြောင့် ဘာစီလိုနာ ဘုတ်အဖွဲ့က သူ့ကို ကာလရှည် စာချုပ်သစ် ချုပ်ဆိုဖို့ ကမ်းလှမ်းမှုတွေ ပြုလုပ်နေပေမယ့် အာရူဂျိုကတော့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ပါတယ်။

Photo Credit: Express

အာရူဂျိုဟာ ဘာစီလိုနာနဲ့ သက်တမ်းရှည် စာချုပ်တရပ် ချုပ်ဆိုချင်နေပေမယ့် ဘုတ်အဖွဲ့က သူကို တပတ် လုပ်ခလစာ ယူရို ၃၀၀၀၀သာ ပေးချေမယ်လို့ ကမ်းလှမ်းခဲ့တာကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာတော့ အာရူဂျိုကို ခေါ်ယူဖို့ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က စိတ်ဝင်စားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာပဲ အာရူဂျိုကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း ဝန်းကျင်နဲ့ ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး အာရူဂျိုရဲ့ အေးဂျင့်ဆီလည်း ဆက်သွယ်မှုတွေ ပြုလုပ်ထားကြောင်း သိရပါတယ်။