စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာရဲ့ အဓိက ခံစစ်မှူး အာရူဂျိုဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဘာစီလိုနာ ၃-၁ ဆဲလ်တာဗီဂို ပွဲစဉ်မှာ အသင်းဖော် ဂါဗီနဲ့ ခေါင်းချင်းဆိုင် တိုက်မိရာကနေ ဒဏ်ရာပြင်းတာကြောင့် ဆေးရုံတင်ထားရကြောင်း သိရပါတယ်။

စပိန်လာလီဂါ ပွဲစဉ်(၃၆) အဖြစ် ဘာစီလိုနာက ဆဲလ်တာဗီဂိုကို အိမ်ကွင်း နူးကမ့်မှာ ဧည့်ခံ ကစားခဲ့ရတဲ့ ပွဲစဉ်မှာ ဘာစီလိုနာက ဆဲလ်တာဗီဂိုဘက်ကို ပွဲစပွဲဆုံး ဖိအားပေး တိုက်စစ်ဆင် ကစားနိုင်ခဲ့သလို အဓိက တိုက်စစ် ကစားသမားတွေ ဖြစ်ကြတဲ့ ဒီပိုင်း ၊ အူဘာမီယန်းတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၃-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တပွဲ ရခဲ့ပေမယ့် အာရူဂျိုရဲ့ ဒဏ်ရာကတော့ ဘာစီလိုနာ အတွက် သတင်းဆိုး တခု ဖြစ်ခဲ့ပါတယ်။

Photo Credit: Marca

ဥရုဂွေးလက်ရွေးစင် ခံစစ်မှူး အာရူဂျိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ဘာစီလိုနာ အတွက် မရှိမဖြစ် ခံစစ်မှူး တဦး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်သူ ဖြစ်ပြီး ဆဲလ်တာဗီဂိုနဲ့ ပွဲမှာလည်း တဖက်ရဲ့ တိုက်စစ်ကို စွမ်းစွမ်းတမံ တားဆီးနိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၆၂မိနစ်မှာတော့ အာရူဂျိုက အသင်းဖော် ဂါဗီနဲ့ ခေါင်းချင်းဆိုင် တိုက်မိရာကနေ ပြင်းထန်တဲ့ မူးဝေမှုကို ခံစားခဲ့ရပါတယ်။

ဘာစီလိုနာရဲ့ ဆေးအဖွဲ့က မူးဝေသွားတဲ့ အာရူဂျိုကို အရေးပေါ် ဆေးကုသမှုတွေ လုပ်ဆောင်ပေးခဲ့သလို နီးစပ်ရာ ဆေးရုံဆီ အမြန်ဆုံး ခေါ်ဆောင်သွားခဲ့တာကြောင့် လက်ရှိအချိန်မှာ အာရူဂျိုဟာ အသက်အန္တရာယ် မစိုးရိမ်ရတော့ပဲ ရက်အနည်းငယ်သာ အနားယူရတော့မယ်လို့ ဘာစီလိုနာရဲ့ နည်းပြဖြစ်သူ ဇာဗီက ပွဲအပြီးမှာ ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

Photo Credit: Marca

ဇာဗီက – “စဖြစ်ဖြစ်ချင်းမှာ ကျွန်တော်တို့တွေ အားလုံးက ကြောက်လန့်ခဲ့ရပါတယ်။ ဆရာဝန်တွေက အာရူဂျိုဟာ သတိရှိနေသလို အသက်အန္တရာယ် မစိုးရိမ်ရတော့ဘူးလို့ ပြောမှပဲ ကျွန်တော်တို့တွေ သက်ပြင်းချနိုင်ပါတယ်။ ဒါပေမယ့် သူက ဆေးရုံမှာ ဒီတည ဆက်နေရပါလိမ့်မယ်။ မနက်ဖြန်မှာတော့ သူက ဘာစီလိုနာမြို့ဆီ ပြန်လာနိုင်မယ်လို့ ထင်ပါတယ်။ ဒီဖြစ်ရပ်က အတော်လေးကို ထိတ်လန့်စရာ ကောင်းပါတယ်” လို့ အာရူဂျိုရဲ့ အခြေအနေ အသေးစိတ်ကို ပရိသတ်တွေ သိအောင် ပြောပြသွားခဲ့တာပါ။