ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ အသင်းရဲ့ အပြောင်းအရွှေ့ ပစ်မှတ် ကစားသမား တစ်ဦးဖြစ်တဲ့ လိုင်ယွန်အသင်းရဲ့ ကွင်းလယ်လူ အာဝါကို မခေါ်ယူပေးနိုင်တဲ့ အသင်းရဲ့ ဘုတ်အဖွဲ့ကို အတော်လေး ဒေါသထွက်နေကြောင်း လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ သိရှိရပါတယ်။ အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ်လက်ရွေးစင် အသင်းရဲ့ ကွင်းလယ်လူ ဟူဆန် အာဝါဟာ အာဆင်နယ် အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာရဲ့ စိတ်ကြိုက် ကစားသမား တစ်ဦးဖြစ်ပြီး အာတီတာဟာ ယခုနှစ် အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အာဝါကို မရရအောင် ခေါ်ယူပေးဖို့ အာဆင်နယ်အသင်းရဲ့ ဘုတ်အဖွဲ့ထံ တောင်းဆိုထားကြောင်း လွန်ခဲ့တဲ့ သီတင်းပတ် အနည်းငယ်တုန်းက အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ထားကြပါတယ်။

Photo Credit: Metro

ဒါပေမယ့် နောက်ဆုံးရရှိထားတဲ့ သတင်းတွေ အရတော့ အာဆင်နယ်အသင်းဟာ အာဝါကို ခေါ်ယူဖို့ အတွက် ကြိုးစားမှုတွေ အားလုံးကို ရပ်တန့်လိုက်ပြီ ဖြစ်ကြောင်း သိထားရပြီး အာဆင်နယ် အသင်းအနေနဲ့ အာဝါအတွက် လိုင်ယွန်အသင်းက တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေးကို ပေးချေလိုခြင်း မရှိဘူး လို့ သိရပါတယ်။ နာမည်ကြီး သတင်းထောက် တစ်ဦးဖြစ်သူ Fabrizio Romanoရဲ့ အဆိုအရ လိုင်ယွန်အသင်းဟာ အာဝါအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀ သန်း အလိုရှိနေတာ ဖြစ်ပေမယ့် အာဆင်နယ်အသင်း ကတော့ အာဝါအတွက် ပြောင်းရွှေ့ကြေး ယူရို ၃၈သန်း + အပိုဆုကြေးတွေသာ ပေးချေလိုခဲ့တာကြောင့် အပြောင်းအရွှေ့ ဟာ ပျက်ပြယ်ခဲ့ရတာ ဖြစ်ကြောင်း သိရှိ ရပါတယ်။

Photo Credit: Metro

အာဝါရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ကြောင်းကို သိရှိခဲ့ရတဲ့ အချိန်မှာ အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာဟာ စိတ်ဆိုး ဒေါသထွက်နေကြောင်းကို အာဆင်နယ်အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟထားကြသလို အာဆင်နယ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းအတွင်း ရိုက်ထားတဲ့ သတင်းဓာတ်ပုံတွေထဲ မှာလည်း အာတီတာရဲ့ မျက်နှာ မရွှင်မလန်း ဖြစ်နေတာကို မြင်တွေခဲ့ရပါတယ်။ အာဝါရဲ့ အပြောင်းအရွှေ့ ပျက်ပြယ်ခဲ့ရကြောင်းကို လိုင်ယွန်အသင်းရဲ့ အကြီးအကဲဖြစ်သူ အူလက်ကလည်း အတည်ပြု သွားခဲ့ပါတယ်။ အူလက်က “ ကျွန်တော်က ရူဒီ(လိုင်ယွန်အသင်းရဲ့ နည်းပြ)ကို အသင်းအတွက် ဘာက အကောင်းဆုံးဖြစ်မလဲ ဆိုတာ မေးခဲ့ပါတယ်။ သူဖြေခဲ့တာ ကတော့ မမ်ဖစ်(ဒီပိုင်း)နဲ့ ဟူဆန်(အာဝါ) ရှိနေတာက အကောင်းဆုံးပါတဲ့။ ဒါ့ကြောင့် ကျွန်တော်ကလည်း သူတို့ကို အသင်းမှာ ဆက်ထိန်းသွားဖို့ ဆုံးဖြတ်ခဲ့တာပါ “ ဆိုပြီး အင်တာဗျူး တစ်ခုမှာ ဖြေဆိုသွားခဲ့တာပါ။