လက်ရှိမှာ ရည်းစားဟောင်းဖြစ်သူ အမှုဖွင့် တိုင်ကြားထားမှုကို ခံနေရပြီး ဆော်ပေါ်လို ရဲတပ်ဖွဲ့ရဲ့ စုံစစ် စစ်ဆေးခြင်းပါ ခံနေရတဲ့ မန်ယူနိုက်တက် တောင်ပံကစားသမား အန်တိုနီကို ဘရာဇီးလ် လက်ရွေးစင်အသင်းက အသင်းလူစာရင်းကနေ ချန်လှပ်သွားခဲ့တယ်လို့ သိရှိရပါတယ်။
အန်တိုနီရဲ့ ရည်းစားဟောင်းဖြစ်တဲ့ DJ နဲ့ Influencer တစ်ဦးဖြစ်သူ ကာဗယ်လ်လင်းဟာ သူ့ကို အန်တိုနီ ကျူးလွန်ထားတာတွေ ပတ်သက်တဲ့ ဓါတ်ပုံ ဗီဒီယိုတွေ အသံဖိုင်တွေနဲ့ မျက်မြင်သက်သေတွေ အားလုံးကို ဆော်ပေါ်လို ရဲတပ်ဖွဲ့ဆီ ပေးပို့ထားတာကြောင့် ဒီအမှုနဲ့ ပတ်သက်ပြီး စစ်ဆေးမှုတွေကို စတင် လုပ်ဆောင်လာတာ ဖြစ်ပါတယ်။
Photo Credit : Clutch Points
ဒီလို အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရချိန်မှာ အန်တိုနီအတွက် တစ်ပူပေါ် နှစ်ပူဆင့်သွားတာက ဘိုလစ်ဗီယား ပီရူးအသင်းတွေနဲ့ ယှဉ်ပြိုင်ရမယ့် ဘရာဇီးလ်အသင်းရဲ့ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ်တွေအတွက် ဘရာဇီးလ်အသင်းရဲ့ ကစားသမားစာရင်းမှာပါ ဖယ်ရှားခံလိုက်ရတာပဲ ဖြစ်ပါတယ်။
ဒီအမှုကိစ္စ ငြိမ်သက်နေချိန်တုန်းက ဘရာဇီးလ်အသင်းမှာ အမြဲတမ်း ပါဝင်ခွင့် ရခဲ့ပေမယ့် လက်ရှိ အမှုနဲ့ ပြန်လည် ရင်ဆိုင်ရချိန်မှာတော့ ဘရာဇီးလ်ဘက်က အန်တိုနီအစား မကြာသေးခင်မှ ဒဏ်ရာကနေ သက်သာလာခဲ့တဲ့ အာဆင်နယ် တိုက်စစ်မှူး ဂျေဇူးကိုသာ ရွေးချယ်သွားခဲ့ပါတယ်။
Photo Credit : Goal
အန်တိုနီ နဲ့ ကာဗယ်လ်လင်းတို့ရဲ့ အမှုကိစ္စက ပြီးခဲ့တဲ့ ဇွန်လမှာ စတင်ခဲ့တာဖြစ်ပြီး အန်တိုနီက သူမအပေါ် အိမ်တွင်း အကြမ်းဖက်မှုတွေ လုပ်ဆောင်ခဲ့ကြောင်း စွပ်စွဲခဲ့သလို ရုပ်သံ အင်တာဗျူးတစ်ခုအတွင်း အန်တိုနီက သူမကို နေအိမ်ကနေ အပြင်ထွက်ခွင့်မပြုဘူးလို့ ပြောဆိုခဲ့ရာမှာလည်း သူမကို ခြိမ်းခြောက်မှုတွေ လုပ်ဆောင်ခဲ့တယ်လို့ ကာဗယ်လ်လင်းက ထွက်ဆိုထားခဲ့ပါတယ်။
ဒါပေမယ့် အန်တိုနီကတော့ သူ့အနေနဲ့ မမှန်မကန် စွပ်စွဲခံနေရတာဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်တွေ စုံစမ်း စစ်ဆေးနေချိန်သာ တိတ်တိတ်ဆိတ်ဆိတ်ပဲ နေနေရတယ်လို့ အင်စတာဂရမ်ပေါ်မှာ ရေးသား ဖော်ပြထားခဲ့ပါတယ်။ အန်တိုနီရဲ့အေးဂျင့်ကလည်း ဒီအမှုက တရားစီရင်ရေး လျှိ့ဝှက်ချက်အောက်မှာ ရှိနေတာမို့ ဘာမှတ်ချက်မှ မပေးလိုကြောင်း UOL မီဒီယာဆီ ပြောဆိုထားခဲ့ပါတယ်။