နွေဈေးကွက်မှာ အိုင်းယတ်စ်အသင်းကနေ မန်ချက်စတာယူနိုက်တက်အသင်းဆီ မြင့်မားလှတဲ့ ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီဟာ ယူနိုက်တက်နဲ့ အာဆင်နယ်တို့ ထိပ်တိုက် တွေ့ဆုံခဲ့ရတဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာပါ အသင်းအတွက် စတင် ပွဲထွက်ကစားခဲ့ရသလို သူရဲ့ပွဲဦးထွက်မှာပဲ ပွဲဦးထွက်သွင်းဂိုးနဲ့ နိုင်ပွဲတစ်ပွဲကိုပါ ဖော်ဆောင်သွားနိုင်ခဲ့ပါတယ်။

Kemenangan atas Liverpool Bikin Antony Yakin Gabung Manchester United : Okezone Bola

Photo Credit : Bola

ယူနိုက်တက်ဟာ အသက်(၂၂)နှစ်အရွယ်သာ ရှိသေးတဲ့ ဘယ်ခြေအားသန် ညာတောင်ပံ ကစားသမားလေး အန်တိုနီကို အသင်းဆီ ရောက်ရှိလာအောင် အကြိမ်ကြိမ် ကြိုးပမ်းခဲ့ရတာ ဖြစ်သလို အန်တိုနီကိုယ်တိုင်ကလည်း သူ့ကို ယူနိုက်တက်အသင်းဆီ ပြောင်းရွှေ့ခွင့်ပေးဖို့ အိုင်းယတ်စ်ထံ ဖိအားပေး တောင်းဆိုခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ယူနိုက်တက်က အန်တိုနီကို ယူရို(၉၅)သန်းဆိုတဲ့ အလွန်မြင့်မားတဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အန်တိုနီကိုယ်တိုင်ကလည်း သူရဲ့ဆရာသမား တန်ဟက်ဂ်နဲ့ ပြန်လည် ပူးပေါင်းနိုင်ခဲ့သလို သူ အိမ်မက် မက်ခဲ့ရတဲ့ ယူနိုက်တက်အသင်းရဲ့ ကစားသမားတစ်ယောက်ပါ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ယူနိုက်တက်ကို ရောက်ရှိလာပြီး ရက်ပိုင်းအတွင်းမှာပဲ အန်တိုနီက ယူနိုက်တက်နဲ့ အာဆင်နယ်တို့ တွေ့ဆုံနေတဲ့ ပရီးမီယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ရသလို ပွဲကစားချိန် (၃၅)မိနစ်မှာပဲ အသင်းအတွက် ဦးဆောင်ဂိုးကို ဘယ်ခြေနဲ့ လှပသေသပ်စွာ သွင်းယူသွားနိုင်ခဲ့ပါတယ်။ နယ်သာလန်မြေမှာ အတော်လေး တောက်ပခဲ့ပေမယ့် နယ်သာလန်မှာက သူရဲ့ အသင်းဟောင်း အိုင်းယတ်စ်ထက် ပိုကောင်းတဲ့ အသင်းတွေက မရှိသလောက် ဖြစ်နေတာမို့ အန်တိုနီအနေနဲ့ ပြိုင်ဆိုင်မှု ပြင်းထန်တဲ့ ပရီးမီးယားလိဂ်မှာ ရုန်းကန်ရနိုင်တယ်ဆိုတဲ့ မှတ်ချက်စကားတွေ သူရဲ့ သွင်းဂိုးတွေနဲ့ အသံတိတ်သွားစေခဲ့ပါတယ်။ အန်တိုနီဟာ ယူနိုက်တက်ကို ရောက်ခါစမှာ training sessions အနည်းငယ်သာ လုပ်ဆောင်ထားမှုနဲ့ အိုင်းယတ်စ်အတွက် (၂)ပွဲဆက်တိုက် ပါဝင်ထားခြင်း မရှိမှုတွေကြောင့် ကစားပုံက သိပ်အကောင်းကြီး မဟုတ်သေးပဲ လိုအပ်ချက်တွေ ရှိခဲ့သလို သူရဲ့ ပရီးမီးယားလိဂ် ပွဲဦးထွက်မှာ (၅၈)မိနစ်သာ ကစားသွားခဲ့ရပါတယ်။ ဒါပေမယ့် အန်တိုနီက အသင်းရဲ့နိုင်ပွဲမှာ အရေးပါတဲ့ ဗွေဆော်ဦးဂိုးကို သွင်းယူနိုင်ခဲ့တာနဲ့ သူရဲ့ယူနိုက်တက် ကစားသမားဘဝအတွက် အလှပဆုံး တာထွက်ဂိုးကို သွင်းနိုင်ခဲ့တာက သူ့အတွက် ယုံကြည်မှု ပိုအားကောင်းလာစေမှာ သေချာပါတယ်။ လာမယ့်ပွဲစဉ်တွေမှာတော့ အန်တိုနီအနေနဲ့ ယူနိုက်တက် တိုက်စစ်မှာ ဘယ်လိုခြေစွမ်းတွေနဲ့ ဆက်လက် တောက်ပသွားနိုင်မလဲဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။