MySport Myanmar

ဘရာဇီးလ်အတွက် စကစားရချိန်မှာ နေမာက ကူညီပေးခဲ့ပုံကို ပြောပြလာတဲ့ အန်တိုနီ

RIO DE JANEIRO, BRAZIL - MARCH 24: Neymar Jr. of Brazil helps teammate Antony stand up during a match between Brazil and Chile as part of FIFA World Cup Qatar 2022 Qualifier on March 24, 2022 in Rio de Janeiro, Brazil. (Photo by Buda Mendes/Getty Images)

ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကနေ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ဘရာဇီးလ်အတွက် ပထမဦးဆုံး စကစားရချိန်မှာ ဘရာဇီးလ် အသင်းခေါင်းဆောင် နေမာဟာ သူ့ကို ဘယ်လောက်အထိ ကူညီခဲ့သလဲ ဆိုတာကို နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ ပုံမှန် ပွဲထွက်ခွင့် တနေရာကို အပိုင်စား ရထားပြီး သူ့ရဲ့ ယူနိုက်တက် ကစားသမား ဘဝ ပထမဦးဆုံး ပွဲစဉ်မှာတင် အာဆင်နယ်ဘက်ကို ဂိုးသွင်းနိုင်ခဲ့တာကြောင့် အဖွင့်လှခဲ့တယ်လို့ ဆိုရပါမယ်။

Photo Credit: Sky Sports

တဖက်မှာတော့ အသက် ၃၀ အရွယ် ဘရာဇီးလ် တိုက်စစ်မှူး နေမာက ယခုနှစ် ဘောလုံးရာသီမှာ သူမတူတဲ့ ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပြီး နေမာဟာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၈ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူ့ရဲ့ ခြေစွမ်းကောင်းတွေကြောင့်ပဲ နေမာဟာ လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဘရာဇီးလ်အတွက် အခရာကျတဲ့ ကစားသမား ဖြစ်လိမ့်မယ်လို့ ထင်ကြေးပေးမှုတွေ ရှိလာပါတယ်။

အန်တိုနီကတော့ နေမာဟာ ဘရာဇီးလ်ရဲ့ မရှိမဖြစ် ကစားသမား တဦး ဖြစ်သလို သူ့ရဲ့ လူငယ် ကစားသမားသစ်တွေကို ကူညီ စောင့်ရှောက်တတ်မှု ၊ အသင်းကို ခေါင်းဆောင်နိုင်မှုတို့ကြောင့် ဘရာဇီးလ်ရဲ့ စစ်မှန်တဲ့ အသင်းခေါင်းဆောင် ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

Photo Credit: Sky Sports

အန်တိုနီက – “နေမာက အမြဲတမ်းလိုလို လူငယ် ကစားသမားတွေကို ကူညီ စောင့်ရှောက်လေ့ ရှိပါတယ်။ ကျွန်တော်တို့လို လူငယ် ကစားသမားတွေ အတွက် အသင်းခေါင်းဆောင်ရဲ့ ကူညီဖေးမမှုကို ရတာဟာ တကယ်ကို ကောင်းပါတယ်။ ကျွန်တော် ဘရာဇီးလ်အတွက် စကစားပေးရတော့မယ့် အချိန်မှာ သူက ကျွန်တော့်ဆီ ရောက်လာပြီး ကိုယ့်ရဲ့ ဘောလုံးစွမ်းရည်ကို အကောင်းဆုံး ပြသနိုင်ဖို့ပဲ အာရုံစိုက် ကစားဖို့ ပြောကြားခဲ့ပါတယ်။ အဲ့ဒီလိုမျိုး လုပ်ရပ်က ကျွန်တော်တို့လို လူငယ် ကစားသမားတွေ အတွက် အရမ်းကို အရေးပါတဲ့ အခိုက်အတန့် တခုပါပဲ” လို့ သူနဲ့ နေမာနဲ့ကြားက အမှတ်တရ ဖြစ်ရပ်တခုကို ပြောပြသွားခဲ့တာပါ။

Exit mobile version