ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်နဲ့ ဘရာဇီးလ်အသင်းတို့ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အန်တိုနီကတော့ သူ့ဘဝရဲ့ အိမ်မက်ဟာ သူ့ရဲ့ မိဘနှစ်ပါးကို ဆင်းရဲတွင်းထဲ ကနေ ထုတ်ပေးဖို့သာ ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက် ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့ခွင့် ရခဲ့သူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် ကစားသမား ဖြစ်လာတာကြောင့်ပဲ အန်တိုနီဟာ မြင့်မားတဲ့ လုပ်ခလစာတွေကို ခံစားနေရသလို ဘောလုံးပရိသတ်တွေ ကြားထဲမှာ ထင်ရှားတဲ့ ကြယ်ပွင့် ကစားသမား တဦးလည်း ဖြစ်လာပါတယ်။

Photo Credit: Mirror

အန်တိုနီရဲ့ လက်ရှိ အောင်မြင်မှုတွေက အားကျစရာ ကောင်းနေပေမယ့် အန်တိုနီရဲ့ ငယ်ဘဝဟာ အတော်လေးကို ခက်ခဲ ကြမ်းတမ်းခဲ့ပြီး အန်တိုနီတို့ နေခဲ့တဲ့ ရပ်ကွက်မှာ မူးယစ်ဆေးဝါး ရောင်းဝယ်တာတွေ ၊ လူသတ်တာတွေ ၊ ခိုးဆိုးလုယက်တာတွေဟာ နေ့စဉ်နေ့တိုင်း ဖြစ်ပျက်နေခဲ့ပါတယ်။

ဒါကြောင့်ပဲ အန်တိုနီက သူတို့မိသားစုကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်မယ် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ နာမည်ကြီး ဘောလုံးသမား တဦး ဖြစ်လာအောင် အပတ်တကုတ် ကြိုးစား အားထုတ်ခဲ့ပြီး သူ့ရဲ့ ကြိုးစားမှု ၊ ပါရမီနဲ့ အရည်အချင်းတွေကြောင့်ပဲ အချိန်တို အတွင်းမှာ အောင်မြင်လာခဲ့သလို ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ်အသင်း အတွက်ပါ ရွေးချယ်ခံခဲ့ရပါတယ်။

Photo Credit: Mirror

ဘရာဇီးလ်အသင်းနဲ့ အတူ ကမ္ဘာ့ဖလားပြိုင်ပွဲ အတွက် လေ့ကျင့်ခန်း ဆင်းနေတဲ့ အန်တိုနီက နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ သူ့ရဲ့ အကြီးမားဆုံး အိမ်မက်တခုကို ပြောပြခဲ့ပြီး သူ့ရဲ့ အိမ်မက်ဟာ မိဘနှစ်ပါးကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်ဖို့သာ ဖြစ်ကြောင်း ဆိုလာပါတယ်။

အန်တိုနီက – “သတင်းထောက်တွေက အမြဲတမ်း ကျွန်တော်တို့ ဘောလုံးသမားတွေရဲ့ အိမ်မက်တွေက ဘာတွေလဲ ဆိုပြီး လိုက်မေးတတ်ကြပါတယ်။ ပြီးတော့ သူတို့က ချန်ပီယံလိဂ်ဖလား ရဖို့လား။ ကမ္ဘာ့ဖလား ရဖို့လား။ ရွှေဘောလုံးဆု ယူဖို့လား စတဲ့ မေးခွန်းတွေကိုလည်း မေးကြပါသေးတယ်။ ကျွန်တော့်အတွက် အဲ့ဒီအရာတွေက အိမ်မက် မဟုတ်ပါဘူး။ ပန်းတိုင်တွေပါ။ ကျွန်တော့်ရဲ့ တခုထဲသော အိမ်မက်က အဖေနဲ့ အမေကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်ဖို့ပါ။ ကျွန်တော့်မှာ တခြား အစီအစဉ်တွေ မရှိခဲ့ပါဘူး။ ကျွန်တော်က အဖေနဲ့ အမေကို ဆင်းရဲတွင်းထဲ ကနေ ကယ်ထုတ်နိုင်ရမယ်။ မဟုတ်ရင်တော့ ကြိုးစားရင်း အသေခံလိုက်မယ် ဆိုတဲ့ စိတ်နဲ့ပဲ ကြိုးစားခဲ့တာပါ” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။