မန်ချက်စတာ ယူနိုက်တက်အသင်းမှာ မမှတ်မိချင်လောက်တဲ့ အချိန်တွေကို ပြန်တွေးမိရင်း တောင်ပံကစားသမား အန်တိုနီဟာ မျက်ရည်ကျခဲ့ရပြီး သူ့အနေနဲ့ အင်္ဂလန်မှာ ရက်ပေါင်းများစွာ စားမဝင်ခဲ့ဘူးလို့ ဖွင့်ဟခဲ့ပါတယ်။
ဘရာဇီးလ် ကစားသမားဖြစ်သူ အန်တိုနီဟာ ၂၀၂၂ နွေရာသီမှာ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပေါင်(၈၅)သန်းနဲ့ ပြောင်းရွှေ့လာခဲ့ပါတယ်။ ဒါပေမယ့် အန်တိုနီက ယူနိုက်တက်မှာ သူမျှော်လင့်ထားသလို အကျိုးသက်ရောက်မှု မပြသနိုင်ခဲ့ဘဲ (၉၆)ပွဲမှာ သွင်းဂိုး(၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့သလို ခြေစွမ်းပြဖို့လည်း ရုန်းကန်ခဲ့ရပါတယ်။
Photo Credit : Football365
ဇန်နဝါရီလမှာ အန်တိုနီကို အငှားနဲ့ ထွက်ခွင့်ပြုခဲ့ပြီး သူဟာ စပိန်ကလပ်အသင်း ရီးယဲလ် ဘက်တစ်ဆီ ဦးတည်ခဲ့ပါတယ်။ ဘက်တစ်မှာတော့ အန်တိုနီဟာ (၉)ဂိုးသွင်းပြီး (၅)ဂိုးဖန်တီးပေးနိုင်ခဲ့သလို ကွန်းဖရင့်လိဂ် ဖိုင်နယ်ကို တက်ရောက်နိုင်အောင် ကူညီပေးခဲ့ပါတယ်။
အသက် ၂၅ နှစ်အရွယ် တောင်ပံကစားသမားဖြစ်သူ အန်တိုနီဟာ သူ့ရဲ့အရင်က ဘောလုံးကို ပြန်လည်ချစ်မြတ်နိုးလာပုံကို TNT Sports Brazil ကို ပြောပြခဲ့ပါတယ်။ “ဘက်တစ်ကို ရောက်လာတာက ကျွန်တော့်ဘဝမှာ အများကြီးပြောင်းလဲသွားစေခဲ့တယ်။ ကျွန်တော်ကိုယ်ကျွန်တော် ပြန်ရှာဖွေဖို့ လိုအပ်ခဲ့တယ်။ ကျွန်တော့်ရဲ့ပုဂ္ဂိုလိကဘဝမှာ ဖြတ်သန်းခဲ့ရတဲ့ အရာတွေကြောင့်ပါ။ ကျွန်တော် တစ်ခုခု လုပ်ချင်ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်မပျော်ရွှင်ခဲ့လို့ပါ။ ဘောလုံးကစားဖို့ စိတ်အားထက်သန်မှုမရှိခဲ့ဘူး။”
Photo Credit : SPORTbible
“ကျွန်တော်ကိုယ်ကျွန်တော် ပြန်ရှာဖွေပြီး ပျော်ရွှင်မှုကို ပြန်လည်ရှာတွေ့ဖို့ လိုအပ်ခဲ့တယ်။ ဘာလို့ဆို ဘောလုံးကစားရတာက ကျွန်တော်အမြဲချစ်တဲ့အရာပဲ။ မန်ယူနိုက်တက်မှာ ကျွန်တော်ဟာ ခက်ခဲတဲ့ အချိန်တွေကို ဖြတ်သန်းခဲ့ရပြီး ကစားရတာကို ပျော်ရွှင်မှု မရှိတော့ဘူး။ ကျွန်တော့်အစ်ကိုကို အမြဲပြောခဲ့တာက ကျွန်တော် ဒီထက် မပိုနိုင်တော့ဘူးလို့ပါ။ ကျွန်တော့်အစ်ကိုက နည်းနည်းလေး ဆက်လက်ခံစားထားဖို့ ပြောခဲ့တယ်။ အရာအားလုံး ပြောင်းလဲလာလိမ့်မယ်လို့လည်း ပြောခဲ့တယ်။ အဲဒီစကားတွေက ကျွန်တော့်ကို စိတ်လှုပ်ရှား မျက်ရည်ကျစေခဲ့တယ်။ အဲဒီရက်တွေဟာ ကျွန်တော့်အတွက် အရမ်းခက်ခဲခဲ့တယ်။”
“အိမ်မှာ ကျွန်တော့်သားလေးနဲ့တောင် ဆော့ဖို့ အားမရှိခဲ့ဘူး။ ရက်ပေါင်းများစွာ စားမဝင်ခဲ့ဘူး၊ အခန်းထဲမှာ ပိတ်လှောင်နေခဲ့ရတယ်။ ကျွန်တော့်အတွက် အရမ်းခက်ခဲခဲ့ပေမယ့် ဘုရားသခင်ရဲ့အကူအညီနဲ့ ကျွန်တော့်မိသားစုရဲ့အကူအညီကြောင့် ဒီအခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ပြီး အခုတော့ ဒီမှာ အရမ်းပျော်ရွှင်နေပါတယ်။” လို့ အန်တိုနီက ဖွင့်ဟခဲ့ပါတယ်။ အန်တိုနီဟာ ဒီနွေရာသီမှာ ယူနိုက်တက်ကနေ အပြီးသတ်ပြောင်းရွှေ့ဖို့ မျှော်လင့်ထားပြီး အက်လက်တီကို မက်ဒရစ်နဲ့ ဂျူဗင်တပ်စ်လို အသင်းတွေက သူ့ကို စိတ်ဝင်စားနေတယ်လို့ သတင်းထွက်နေပါတယ်။