မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီ ဆန်းတ်ို့စ်က သူ့အနေနဲ့ ကလပ်အသင်းအတွက် အစွမ်းကုန် ပေးဆပ်ပြီးတော့ အကောင်းဆုံး ကစားပေးသွားမယ်လို့ ကတိပြု ပြောကြားလိုက်ပါတယ်။

ဘရာဇီးလ် လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အေဂျက်စ်အသင်းကနေ ယူနိုက်တက်အသင်းဆီ ယူရို သန်း(၁၀၀)ဝန်းကျင်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Opta Analyst

အေဂျက်စ်မှာ ကစားခဲ့စဉ်က ယူနိုက်တက် အပါအဝင် ကလပ်အသင်းများစွာရဲ့ စိတ်ဝင်စားမှု ရရှိအောင် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ အန်တိုနီဟာ ယူနိုက်တက် ကစားသမား ဖြစ်လာချိန်မှာတော့ ပုံမှန်ခြေစွမ်းမျိုး ပြသနိုင်ဖို့တောင် အတော်လေး ရုန်းကန်နေခဲ့ရပြီး တသမတ်တည်း ဖြစ်နေတဲ့ သူရဲ့ကစားပုံကြောင့် ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်လာခဲ့ရပါတယ်။

နောက်ပိုင်းမှာတော့ ယူနိုက်တက် အကယ်ဒမီထွက် ကစားသမားတွေရဲ့နောက်ကိုသာ ရောက်သွားခဲ့ရတဲ့ အန်တိုနီဟာ ပွဲကစားခွင့်တွေပါ လျှော့နည်းလာခဲ့ရပြီး အခုနောက်ပိုင်း ပွဲစဉ်တွေမှာဆိုရင်လည်း ပွဲတော်တော်များများကို လူစားဝင် ကစားသမားအဖြစ်နဲ့သာ ပါဝင်နေရပါတယ်။

Photo Credit : Transfermarket

ဒါ့အပြင် အန်တိုနီနဲ့ အခြားသော ယူနိုက်တက်မှာ ခြေစွမ်းမပြနိုင်တဲ့ ကစားသမားတွေကို လာမယ့်နွေမှာ ရှင်းထုတ်သွားဖွယ် ရှိနိုင်တယ်ဆိုတဲ့ သတင်းတွေကလည်း ထွက်ပေါ်လာခဲ့ပါတယ်။ ဒါပေမယ့် ဒီလိုမျိုးတွေ ကြုံနေရချိန်မှာပဲ အန်တိုနီက လီဗာပူးလ်အသင်းနဲ့ အက်ဖ်အေဖလား ပွဲစဉ်အတွင်း အသင်းအတွက် အရေးပါတဲ့ သွင်းဂိုးကို သွင်းယူရင်း ယုံကြည်မှုတွေကို ပြန်လည် ရယူနိုင်ခဲ့ပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး အန်တိုနီက “ကွင်းအတွင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့အတွက် ကျွန်တော် တိတ်တဆိတ်လေး ကြိုးစား လုပ်ဆောင်နေပါတယ်။ ညာခြေကိုလည်း ပိုကောင်းလာအောင် လေ့ကျင့်ထားပါတယ်။ ကျွန်တော် ကျွန်တော်ရဲ့ အလားအလာကို သိရှိထားပြီး မန်ချက်စတာ ယူနိုက်တက်က ကျွန်တော့်ကို ဘာကြောင့် ခေါ်ယူခဲ့တာလဲ ဆိုတာကိုလည်း သိထားပါတယ်။ ဒါကြောင့် ဒီကလပ်အသင်းအတွက် ကျွန်တော် အကောင်းဆုံး ပေးဆပ်သွားချင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။