ယခုနှစ် ဘောလုံးရာသီ အစကမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် လူငယ်ကြယ်ပွင့် အန်တိုနီကတော့ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူးသစ် ခရစ္စတီယာနို ရိုနယ်ဒိုဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမား ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ နယ်သာလန်လိဂ်ရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး တရပ် ဖြစ်တဲ့ ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုထားပါတယ်။

Photo Credit: Sport Bible

အန်တိုနီက သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ ပွဲဦးထွက်မှာတင် အာဆင်နယ်ကို သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့တာကြောင့် အဖွင့်လှခဲ့ပြီး တဖက်မှာတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပါတယ်။

ရိုနယ်ဒိုက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုးရော ၊ ဂိုးဖန်တီးမှုပါ ရယူထားနိုင်ခြင်း မရှိသေးတာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရသူ ဖြစ်ပေမယ့် အန်တိုနီကတော့ ရိုနယ်ဒိုဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်ကြောင်း မန်ချက်စတာ ယူနိုက်တက်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားသွားပါတယ်။

Photo Credit: Sport Bible

အန်တိုနီက – “ရိုနယ်ဒိုကို စကားလုံးတွေနဲ့ အဓိပ္ပါယ်ဖွင့်လို့ ရမယ် မထင်ပါဘူး။ ရိုနယ်ဒိုက ကမ္ဘာ့အကောင်းဆုံး ကစားသမားပါ။ ကျွန်တော်က သူနဲ့အတူ ရက်အနည်းငယ်ပဲ လေ့ကျင့်ရသေးပေမယ့် သူ့ဆီကနေ အများကြီး သင်ယူ လေ့လာခဲ့ရပါတယ်။ ရိုနယ်ဒိုမှာ အရမ်းကို ထူးခြားတဲ့ စိတ်နေစိတ်ထားမျိုး ရှိပါတယ်။ ကျွန်တော်က သူနဲ့ စကားပြောမိတဲ့ အချိန်တိုင်း အဲ့ဒီခံစားချက်မျိုး ရခဲ့ပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။