မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီဟာ အခုရက်ပိုင်းအတွင်းမှာပဲ တူရကီ ထိပ်သီးကလပ် ဖီနာဘာချီအသင်းနဲ့ အပြောင်းအရွှေ့ ကောလဟာလ သတင်းတွေ ထွက်ပေါ်နေပေမယ့် အန်တိုနီကတော့ ယူနိုက်တက်မှာသာ ဆက်လက် ရှိနေဖို့ကိုပဲ စိတ်ပိုင်းဖြတ်ထားတယ်လို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ် ဘရာဇီးလ် ညာတောင်ပံကစားသမား အန်တိုနီဟာ လွန်ခဲ့တဲ့ ၂၀၂၂ခုနှစ်ကမှ နည်းပြ အဲရစ် တန်ဟက်ဂ်နဲ့အတူ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ယူရို (၉၅)သန်းဝန်းကျင်နဲ့ ပြောင်းရွှေ့ ရောက်ရှိလာခဲ့ပြီး အခုဆို အန်တိုနီက ယူနိုက်တက် ကစားသမားဘဝ တတိယမြောက် ရာသီကို ဖြတ်သန်းနေရပေမယ့် ဒီရာသီမှာတော့ ပွဲကစားချိန် (၁)မိနစ်လေးသာ ကစားထားရပါတယ်။

Photo Credit : Goal

အန်တိုနီက အေဂျက်စ်မှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့သလောက် ယူနိုက်တက်မှာတော့ အတော်လေး ရုန်းကန်ခဲ့ရပြီး အခုဆို ယူနိုက်တက်အတွက် (၂)ရာသီအတွင်း ပြိုင်ပွဲစုံ (၈၃)ပွဲ ကစားထားပြီးချိန် (၁၁)ဂိုးသွင်း (၅)ဂိုးသာ ဖန်တီးနိုင်ခဲ့ပါတယ်။ ဒီလို ခြေစွမ်းတွေကြောင့် တန်ဟက်ဂ်ကပါ အန်တိုနီကို ပွဲထွက် လူစာရင်းကနေ ချန်လှပ်လာပါတော့တယ်။

ပုံမှန်ခြေစွမ်း ပြသဖို့တောင် ရုန်းကန်နေရတဲ့ အန်တိုနီဟာ အာမတ်ကိုပါ နေရာဖယ်ပေးလိုက်ရပြီး သူရဲ့ ပွဲကစားခွင့်တွေဟာလည်း အကန့်အသတ်နဲ့ ဖြစ်လာချိန်မှာ ကလပ်အသင်း တချို့က အန်တိုနီကို ယူနိုက်တက်ကနေ ခေါ်ယူသွားဖို့ စတင် ကြိုးပမ်းလာခဲ့ပါတယ်။

Photo Credit : Football365

လက်ရှိမှာ နွေရာသီ အပြောင်းအရွှေ့ဈေးကွက်က အမှတ်ပေးလိဂ်ပြိုင်ပွဲ တော်တော်များများမှာ ပိတ်သိမ်းသွားပြီ ဖြစ်ပေမယ့်လည်း တူရကီလိဂ်ရဲ့ နွေဈေးကွက်ကတော့ ဖွင့်လှစ်နေဆဲဖြစ်ပြီး မနေ့ကပဲ တူရကီကလပ် ဖီနာဘာချီအသင်းက အန်တိုနီကို အငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

ဒါပေမယ့် ဖာဘရီဇီယို ရိုမာနိုရဲ့ သတင်းဖော်ပြချက်မှာတော့ အန်တိုနီနဲ့ ဖီနာဘာချီတို့ရဲ့ သတင်းတွေက သတင်းအတုတွေသာဖြစ်ပြီး အန်တိုနီအနေနဲ့ကလည်း ဒီဈေးကွက်မှာ ယူနိုက်တက်ကနေ ထွက်ခွာသွားဖို့ အစီအစဉ် လုံးဝမရှိပဲ ယူနိုက်တက်မှာ ပွဲကစားခွင့်တွေ ပုံမှန် ရရှိဖို့အတွက်ကိုသာ အာရုံစိုက်ထားတယ်လို့ သိရပါတယ်။