ရီးယဲလ် ဘက်တစ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား အန်တိုနီဟာ ဂီတာဖေးနဲ့ ပွဲစဉ်အတွင်း တိုက်ရိုက် အနီကတ်ပြသခံရခြင်းအပေါ် အသင်းဘက်က အယူခံဝင်ထားတာ အောင်မြင်ဖို့နဲ့ ရီးယဲလ် မက်ဒရစ်နဲ့ ပွဲစဉ်မှာပါ ပါဝင်ကစားနိုင်ဖို့ မျှော်လင့်လျက် ရှိနေတယ်လို့ ပြောဆိုလာခဲ့ပါတယ်။
အသက်(၂၅)နှစ်အရွယ် ဘရာဇီးလ် ညာတောင်ပံကစားသမား အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက်မှာ ရုန်းကန်နေရတာကြောင့် အခုဆောင်းဈေးကွက်မှာပဲ ဘက်တစ်အသင်းဆီ အငှားချခံခဲ့ရပြီး ဘက်တစ်ဆီ ရောက်သွားချိန်မှာတော့ အန်တိုနီက မထင်ထားလောက်အောင် တောက်ပနိုင်ခဲ့ကာ ခြေစွမ်းပြသနိုင်ခဲ့ပါတယ်။
Photo Credit : Goal
အခုဆိုရင် အန်တိုနီက ဘက်တစ်အတွက် လာလီဂါနဲ့ ကွန်းဖရန့်စ်လိဂ် ပွဲပေါင်း(၆)ပွဲအထိ ပါဝင်ကစားထားပြီးချိန်မှာ သွင်းဂိုး(၃)ဂိုး ဂိုးဖန်တီးမှု(၂)ကြိမ်နဲ့ လာလီဂါ (၃)ပွဲဆက် Man of the Match ဆုရအောင် စွမ်းဆောင်ထားခဲ့ပေမယ့် နောက်ဆုံး ကစားခဲ့တဲ့ ဂီတာဖေးနဲ့ ပွဲမှာတော့ ပွဲပြီးခါနီး တိုက်ရိုက် အနီကတ်ပြသခံခဲ့ရပါတယ်။
အန်တိုနီက ဒီအနီကတ် ပြစ်ဒဏ်ကြောင့် လာမယ့် ရီးယဲလ် မက်ဒရစ်နဲ့ လာလီဂါပွဲစဉ်ကို ပွဲပယ်ခံသွားရတော့မှာဖြစ်ပြီး ဒါက အန်တိုနီအတွက်ရော ဘက်တစ်အတွက်ပါ နစ်နာစေရပါတယ်။ ဒါပေမယ့် ဘက်တစ်ဘက်ကတော့ အန်တိုနီရဲ့ အနီကတ်ကို အယူခံဝင်ထားခဲ့ပြီး ဒီအယူခံအောင်ဖို့ကို မျှော်လင့်တယ်လို့ အန်တိုနီက ဆိုပါတယ်။
Photo Credit : Goal
“ကျွန်တော်က အမြဲတမ်း ကစားရဖို့ မျှော်လင့်နေပါတယ်။ ဒါပေမယ့် စနေနေ့ပွဲမှာ အသင်းအတွက် ကစားနိုင်မလားဆိုတာ မသိသေးပေမယ့် အသင်းဘက်ကတော့ အယူခံဝင်ဖို့ ကြိုးစားကြမှာပါ။ ဒါကို ပြောင်းလဲနိုင်ဖို့က အနည်းငယ်လေးတော့ ခက်လိမ့်မယ် ထင်တယ်။ အယူခံဝင်မှု ရှိမှာပါ။ ပြီးတော့ မက်ဒရစ်နဲ့ပွဲမှာ ပါဝင်ကစားဖို့အတွက်လည်း အဆင်သင့်ပါပဲ။” လို့ အန်တိုနီက ပြောဆိုလိုက်ပါတယ်။
တကယ်လို့ အန်တိုနီသာ အယူခံအောင်ခဲ့မယ်ဆိုရင်တော့ ဘက်တစ်အနေနဲ့ ရီးယဲလ်ကို အတောင့်တင်းဆုံး အနေအထားနဲ့ ရင်ဆိုင်သွားနိုင်မှာဖြစ်ပြီး ရီးယဲလ်ကလည်း ဒီနေ့မှာ ဆိုစီဒက်နဲ့ ကိုပါဒယ်ရေး ဆီမီးဖိုင်နယ်ပွဲပါ ကစားရဦးမှာဖြစ်လို့ ပွဲပန်းမှုဒဏ်ကို အနည်းနဲ့အများ ခံရနိုင်ဖွယ် ရှိနေပါတယ်။