ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ မန်ချက်စတာ ယူနိုက်တက်ကနေ ရီးယဲလ် ဘက်တစ်အသင်းဆီ ကာလတို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တဲ့ တောင်ပံကစားသမား အန်တိုနီက ယူနိုက်တက်ကို ပြန်လာဖို့ အစီအစဉ် မရှိတော့ကြောင်း စကားအရိပ်အမြွက်တွေ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
လွန်ခဲ့တဲ့ ၂၀၂၂ နွေကမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပေါင်(၈၆)သန်းနဲ့ ရောက်လာခဲ့တဲ့ ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီဟာ ယူနိုက်တက်ကို ရောက်လာချိန်မှာ ပုံမှန် ခြေစွမ်းမျိုးတွေ ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး တတိယမြောက် ရာသီမှာတော့ အသင်းကနေ အငှားချဖို့အထိပါ စီစဉ်ခံလာရပါတယ်။
Photo Credit : Goal
ယူနိုက်တက်အတွက် (၉၆)ပွဲကစားပြီး (၁၂)ဂိုးသာ သွင်းယူနိုင်ခဲ့တဲ့ အန်တိုနီက ဘက်တစ်မှာတော့ (၁၁)ပွဲ ကစားပြီးချိန် (၄)ဂိုးသွက်း (၄)ဂိုးဖန်တီးထားနိုင်ခဲ့တာကြောင့် ဘက်တစ်ဘက်က အန်တိုနီကို အပြီးသတ် ဒါမှမဟုတ် နောက်ထပ် တစ်ရာသီခန့် အငှားနဲ့ ထပ်ခေါ်ချင်နေသလို ဘိုင်ယန်မြူးနစ် အပါအဝင် အသင်းတချို့ကလည်း အန်တိုနီကို စိတ်ဝင်စားလာခဲ့ပါတယ်။
ဒီလို အခြေအနေမှာ အန်တိုနီက DAZN နဲ့ အင်တာဗျူးတစ်ခုမှာ “မင်းအတွက် ဒီလို ပိုက်ဆံမျိုးနဲ့ ပေးချေမယ်ဆိုရင် မင်းမှာ အရည်အချင်းနဲ့ စွမ်းရည်ရှိလို့ပါ။ ကျွန်တော် ဘယ်ကို ရောက်ရောက် ယူနိုက်တက်အကြောင်းကို အမြဲ ချီးကျူးပြောဆိုသွားမှာပါ။ ကျွန်တော် အသင်းကို အရမ်းကျေးဇူးတင်တယ်။ အဲရစ် တန်ဟက်ဂ်ကိုလည်း ကျွန်တော်တို့ အတူတူ ဖြတ်သန်းခဲ့ရတာတွေ ဖလားတွေ ကျွန်တော် သင်ယူခဲ့ရတဲ့ အရာအားလုံးအတွက် ကျေးဇူးတင်ပါတယ်။”
Photo Credit : Marca
“အဲဒီမှာ ခက်ခဲတဲ့ အချိန်တွေ ရှိခဲ့ပေမယ့် အရမ်းကောင်းတဲ့ အချိန်တွေလည်း ရှိခဲ့တယ်။ အဲဒါက ကျွန်တော့်ကို ဒီနေ့ ဒီနေရာမှာ ပျော်ရွှင်စွာ ရှိနေဖို့ ပြင်ဆင်ပေးခဲ့တယ်လို့ ထင်ပါတယ်။ ကျွန်တော့်ရဲ့ စိတ်က ဒီမှာပါ၊ ကျွန်တော် အရမ်းပျော်တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ပြန်ရှာတွေ့ခဲ့တယ်။ ကျွန်တော် ကိုယ့်ကိုယ်ကို ရှာဖွေပြီး ပျော်ရွှင်ဖို့ လိုအပ်ခဲ့တယ်။”
“ကျွန်တော့် မိသားစုလည်း ပျော်ရွှင်ဖို့ လိုခဲ့တယ်။ နေ့တိုင်း ကျွန်တော် ဒါက ကျွန်တော် လုပ်ခဲ့တဲ့ အကောင်းဆုံး ဆုံးဖြတ်ချက်ဖြစ်ခဲ့တယ်လို့ မြင်တယ်။ ကျွန်တော် မြို့ကို ခံစားနေတယ်။ အသင်းကို အရာအားလုံးကို ပျော်ရွှင်နေတယ်။ ဒါက ဘရာဇီးကို အများကြီး သတိရစေတယ်။ ဒီက နေရောင် အစားအသောက်၊ လူတွေကလည်း အရမ်းပျော်ရွှင်တယ်။ ဒါတွေအားလုံးက ဒီလိုမျိုးနဲ့ အကျွမ်းတဝင်ရှိတဲ့ ကျွန်တော့်လို တစ်ယောက်အတွက် အရေးကြီးတယ်။” လို့ ဖြေဆိုသွားခဲ့ပါတယ်။