မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီ ဆန်းတို့စ်ကတော့ လာမယ့်နွေမှာ အသင်းကနေ ရောင်းထုတ်ခံရလိမ့်မယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်နေပေမယ့် သူကိုယ်တိုင်ကတော့ ယူနိုက်တက်ကနေ ထွက်ခွာဖို့ လုံးဝကို ဆန္ဒမရှိဘူးလို့ သိရပါတယ်။

အသက် (၂၄)နှစ်အရွယ်ရှိ ဘရာဇီးလ် လက်ရွေးစင် ညာတောင်ပံကစားသမား အန်တိုနီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကပဲ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီကို ယူရို သန်းတစ်ရာဝန်းကျင်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့ရင်း သူရဲ့ ပွဲဦးထွက်မှာပဲ ယူနိုက်တက်အတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပါတယ်။

Photo Credit : Opta Analyst

ဒါပေမယ့် အန်တိုနီက ယူနိုက်တက် ကစားသမား ဖြစ်လာချိန် အေဂျက်စ်မှာတုန်းကလို ခြေစွမ်းမျိုး ပြသဖို့ ရုန်းကန်ခဲ့ရပြီး ယူနိုက်တက်ရဲ့ ညာခြမ်းတိုက်စစ်မှာ အသင်းက လူငယ် ကစားသမားလေး အလက်ဟန်ဒရို ဂါနာချိုကပါ အန်တိုနီကို ကျော်လွန်ပြီး အသင်းမှာ နေရာပိုရလာခဲ့ပါတယ်။

အခုဆိုရင် အန်တိုနီက အသင်းမှာ ပွဲကစားခွင့်တွေပါ အတော်လေး ပျောက်ဆုံးနေရပြီး ကစားခွင့်ရတိုင်းမှာလည်း ပုံမှန်ခြေစွမ်းပြဖို့တောင် ရုန်းကန်နေရတာဖြစ်လို့ အသင်းရဲ့ ပူးတွဲပိုင်ရှင်သစ် ဆာဂျင်ရက်ကလစ်ဖ်တို့ဘက်က လာမယ့်ရာသီမှာ အန်တိုနီ အပါအဝင် ကစားသမား အများအပြားကို ရောင်းထုတ်ဖို့ စီစဉ်လာပါတယ်။

Photo Credit : Reuters

ဒါ့အပြင် အန်တိုနီရဲ့ ဆရာအရင်းဖြစ်တဲ့ နည်းပြ အဲရစ် တန်ဟက်ဂ်ရဲ့ အနာဂတ်ပါ သိပ်ပြီး အခြေအနေ မကောင်းတော့တာကလည်း တန်ဟက်ဂ်ရဲ့ အနာဂတ်နဲ့ အန်တိုနီရဲ့ အနာဂတ် အခြေအနေတွေပါ တိုက်ရိုက် ဆက်စပ်မှု ရှိလာနိုင်ပါတယ်။

ဒါပေမယ့် အန်တိုနီ ကိုယ်တိုင်ကတော့ ယူနိုက်တက်ကနေ လုံးဝ ထွက်ခွာမှာ မဟုတ်ပဲနဲ့ အသင်းမှာ ပွဲကစားခွင့်တွေ ပြန်လည် ရရှိလာနိုင်အောင် အစွမ်းကုန် ကြိုးပမ်းသွားမှာဖြစ်ပြီး ဘယ်စိန်ခေါ်မှုတိုင်းမဆို ရင်ဆိုင်သွားဖို့လည်း အဆင်သင့်ဖြစ်အောင် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။