ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားသမားသစ် ဖြစ်သူ အန်တိုနီကတော့ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန်နဲ့ ပရီးမီးယားလိဂ်ပွဲမှာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းမှာ ဘယ်ကစားသမားမှ မရယူနိုင်ခဲ့တဲ့ စံချိန်ကောင်း တခုကို ရယူနိုင်ခဲ့ကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီက နွေဈေးကွက် ပိတ်သိမ်းကာနီးမှာမှ အေဂျက်ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၇ခုနှစ် အထိ သက်တမ်း ရှိတဲ့ ကာလရှည် စာချုပ်တရပ် ချုပ်ဆိုထားသူပါ။

Photo Credit: Sky Sports

အန်တိုနီက မန်ချက်စတာ ယူနိုက်တက် ကစားသမား ဘဝ အဖွင့်ပွဲ အဖြစ် မန်ချက်စတာ ယူနိုက်တက် ၃-၁ အာဆင်နယ် ပွဲမှာ ဝင်ရောက် ကစားခဲ့ရာ အသင်းအတွက် အရေးပါတဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့သလို ပြီးခဲ့တဲ့ တပတ်မှာ ကစားခဲ့တဲ့ မန်ချက်စတာဒါဘီမှာလည်း အသင်းအတွက် သိက္ခာဆယ် ချေပဂိုး တဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ အန်တိုနီက ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ အဲဗာတန်နဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲစဉ်မှာသာ သွင်းဂိုး ၁ဂိုး သွင်းယူနိုင်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်ရဲ့ သမိုင်းတလျှောက် ပရီးမီးယားလိဂ် အဖွင့်ပွဲ ၃ပွဲဆက် ဂိုးသွင်းနိုင်တဲ့ ပထမဦးဆုံး ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ဖို့ ရှိနေခဲ့ပြီး အန်တိုနီကလည်း အဲဗာတန် ၁-၂ မန်ချက်စတာ ယူနိုက်တက်ပွဲမှာ အသင်းအတွက် အရေးပါတဲ့ ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် အဆိုပါ မှတ်တမ်းကောင်းကို ရယူသွားနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

အန်တိုနီက အဲဗာတန် ၁-၂ မန်ချက်စတာ ယူနိုက်တက်နဲ့ ပွဲစဉ်မှာ မာရှယ် ၊ ရက်ဖို့ဒ်တို့နဲ့ တွဲဖက်ကာ အသင်းရဲ့ တိုက်စစ်ကို ဦးဆောင်ကစားခဲ့ရပြီး သူ့ရဲ့ အတိုးအလှုပ်တွေနဲ့ အဲဗာတန်ရဲ့ ခံစစ်ကြောင်းကို ဒုက္ခပေးနိုင်ခဲ့သလို ပွဲချိန် ၁၅မိနစ်မှာလည်း မာရှယ်ရဲ့ ဖန်တီးပေးပို့မှု ကနေ အသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၃ပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အန်တိုနီဟာ မန်ချက်စတာ ယူနိုက်တက် အတွက် အရေးပါတဲ့ ကစားသမား တဦး ဖြစ်လာပြီလို့ သုံးသပ်နေကြသလို မန်ချက်စတာ ယူနိုက်တက်ရဲ့ ပရိသတ်တွေကလည်း ရိုနယ်ဒိုသာ မရှိတော့ရင် အန်တိုနီက အသင်းရဲ့ ကျောနံပါတ်၇ကို ရယူသင့်ကြောင်း ပြောကြားရင်း ချီးကျူးနေပါတယ်။