နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီက သူ့ကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် မပေးတဲ့ အေဂျက်ရဲ့ လုပ်ရပ်ကို စိတ်ပျက်နေတာကြောင့် ယနေ့မှာ အေဂျက်နဲ့အတူ လေ့ကျင့်ခန်း မဆင်းပဲ ဆန္ဒပြနေကြောင်း နယ်သာလန် နာမည်ကြီး သတင်းထောက် မိုက်ခ် ဗာဝစ်ချ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်က သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး အန်တိုနီရဲ့ အေးဂျင့်ဖြစ်သူနဲ့ ဆက်တိုက်ဆိုသလို တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားသလို အန်တိုနီကလည်း သူ့ရဲ့ဆရာ တန်ဟက်ဂ်နဲ့အတူ မန်ချက်စတာ ယူနိုက်တက်မှာ ပြန်လည် လက်တွဲချင်နေပါတယ်။

Photo Credit: Metro

ဒါကြောင့် ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ မန်ချက်စတာ ယူနိုက်တက်က အန်တိုနီအတွက် အရှိန်အဟုန်မြှင့် ကြိုးပမ်းမှု တရပ်အနေနဲ့ အေဂျက်ရဲ့ အန်တိုနီ အတွက် သတ်မှတ်ဈေး ဖြစ်တဲ့ ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းကို အပြည့်အဝ ပေးချေမယ် ဆိုပြီး တရားဝင် ကမ်းလှမ်းမှု တကြိမ် ပြုလုပ်ခဲ့ပါတယ်။

ကနဦးမှာ အေဂျက်ဘက်က အန်တိုနီ အတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ပေးမယ် ဆိုရင် အန်တိုနီကို ရောင်းချပေးမယ်လို့ ပြောကြားခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်က အန်တိုနီကို ပြောင်းရွှေ့ကြေး ယူရို ၈၀သန်းနဲ့ ကမ်းလှမ်းလာချိန်မှာတော့ ယူနိုက်တက်ရဲ့ ကမ်းလှမ်းမှုကို ချက်ချင်းဆိုသလို ပယ်ချသွားခဲ့ပါတယ်။

Photo Credit: Metro

လက်ရှိမှာတော့ အန်တိုနီနဲ့ သူ့ရဲ့ အေးဂျင့်တို့က အေဂျက်ရဲ့ ကတိမတည်တဲ့ လုပ်ရပ်အတွက် စိတ်ပျက်နေကြပြီး အေဂျက်နဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ဗာဝစ်ချ်ရဲ့ ဖော်ပြချက်အရ အန်တိုနီဟာ ယနေ့မှာ အေဂျက်ရဲ့ လေ့ကျင့်ရေးကွင်းဆီ ရောက်လာခဲ့ပေမယ့် အေဂျက်ရဲ့ လုပ်ရပ်ကို သဘောမကျတာကြောင့် လေ့ကျင့်ခန်း မဆင်းပဲ ဆန္ဒပြနေကြောင်း သိရပါတယ်။

အန်တိုနီရဲ့ လုပ်ရပ်ကြောင့် အေဂျက်ဘက်က ယူနိုက်တက်နဲ့ အန်တိုနီရဲ့ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ဖို့ ပြန်လည် စဉ်းစားနေပြီး မန်ချက်စတာ ယူနိုက်တက်ကတော့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေး ယူရို ၈၀သန်း ပေးဖို့ အဆင်သင့် ရှိနေပါတယ်။