ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ အန်တိုနီကတော့ လာမယ့် တနင်္ဂနွေနေ့ညမှာ နယူးကာဆယ်နဲ့ ကစားရမယ့် ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ကစားဖို့ အတွက် မစောင့်နိုင်တော့ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက် ပထမဦးဆုံး အကြိမ် ဗိုလ်လုပွဲ အဖြစ် ယခုတပတ် တနင်္ဂနွေနေ့မှာ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားရဖို့ ရှိနေပြီး မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့ရဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ဝင်ဘလေကွင်းထဲမှာ ကျင်းပဖို့ စီစဉ်ထားပါတယ်။

Photo Credit: Standard

မန်ချက်စတာ ယူနိုက်တက်နဲ့ နယူးကာဆယ်တို့က ဆုဖလားတွေ ငတ်မွတ်နေကြသလို နှစ်သင်းစလုံးက ဒီရာသီမှာ အကောင်းဆုံးခြေစွမ်းတွေ ရရှိထားတာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံနေတဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲမှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာဟာ ပြောရခက်နေပါတယ်။

ဒါပေမယ့် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေကတော့ ယနေ့မနက် အစောပိုင်းမှာပဲ လာလီဂါရဲ့ အဆင့်(၁) ဘာစီလိုနာကို အနိုင်ယူထားတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ နယူးကာဆယ်ကို အနိုင်ရကာ ကာရာဘောင်းချန်ပီယံ ဖြစ်လိမ့်မယ်လို့ သုံးသပ်နေကြပြီး မန်ချက်စတာ ယူနိုက်တက် ၂-၁ ဘာစီလိုနာ ပွဲစဉ်မှာ ယူနိုက်တက် အတွက် အဖိုးတန် အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ အန်တိုနီကလည်း သူဟာ ကာရာဘောင်းဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားဖို့ မစောင့်နိုင်တော့ပဲ သူတို့အသင်းဟာ ကာရာဘောင်းချန်ပီယံ ဖြစ်လိမ့်မယ်လို့ ယုံကြည်ထားကြောင်း ဆိုလာပါတယ်။

Photo Credit: Standard

အန်တိုနီက – “ကျွန်တော်က ကာရာဘောင်းဗိုလ်လုပွဲကို ကစားဖို့ မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်က ယူနိုက်တက် ကစားသမားဘဝ ပထမဦးဆုံး အကြိမ် ကစားရမယ့် ဗိုလ်လုပွဲကို ဝင်ကစားဖို့ အတော်လေး စိတ်လှုပ်ရှားနေမိပါတယ်။ ကျွန်တော်တို့က ဗိုလ်လုပွဲမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ မျှော်လင့်ထားသလို အိမ်ကို ဆုဖလားကြီး သယ်သွားနိုင်မယ်လို့လည်း ယုံကြည်ထားပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

ယနေ့မှာပဲ အသက် ၂၃နှစ် ပြည့်သွားတဲ့ အန်တိုနီက ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၂၄ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၆ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။