နယ်သာလန် ထိပ်သီးကလပ် အေဂျက်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ အန်တိုနီကတော့ အေဂျက်ကနေ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သွားခဲ့တဲ့ သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ်ကသာ သူ့ကို လိုချင်ရင် အပြေးလေး လိုက်ခဲ့မယ် လို့ ထုတ်ဖော် ပြောကြားထားကြောင်း သိရပါတယ်။

အသက် ၂၂နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး သူ့ရဲ့ တဖက် ကစားသမားတွေကို အရူးလုပ်ကာ လှည့်ထွက်တတ်တဲ့ ကစားဟန်တွေကြောင့် ဘောလုံးပရိသတ် အများစုရဲ့ သဘောကျ နှစ်ခြိုက်ခြင်းကို ခံနေရသူလည်း ဖြစ်ပါတယ်။

Photo Credit: Metro

အန်တိုနီက တဦးချင်း ရင်ဆိုင်တွေ့ဆုံတဲ့ အခါတိုင်းမှာ ပြိုင်ဘက်တွေကို အလွယ်တကူ ဖြတ်ကျော်နိုင်စွမ်း ရှိသလို ပေးပို့မှုတွေလည်း တိကျကာ လိုအပ်ရင် လိုအပ်သလို သွင်းဂိုးတွေပါ သွင်းယူနိုင်စွမ်း ရှိတဲ့ အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်ပြီး ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၃၃ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၁၀ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

သူ့ရဲ့ အရည်အသွေးတွေကြောင့်ပဲ တန်ဟက်ဂ်ရဲ့ အသင်းသစ် မန်ချက်စတာ ယူနိုက်တက် အပါအဝင် ဥရောပရဲ့ ထိပ်သီးအသင်းတွေက အန်တိုနီကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး အန်တိုနီကတော့ သူ့ရဲ့ ဆရာ တန်ဟက်ဂ်ကသာ သူ့ကို ခေါ်ချင်ရင် တန်ဟက်ဂ်ဆီ လိုက်လာဖို့ အဆင်သင့် ရှိနေကြောင်း အေဂျက်အသင်းသားတွေက တန်ဟက်ဂ်ကို နှုတ်ဆက်ခဲ့တဲ့ ဗွီဒီယိုမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro

အန်တိုနီက – “ဆရာ… အသင်းသစ်မှာ အဆင်ပြေပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။ ကျွန်တော့်ကို သင်ပေးခဲ့တဲ့ အရာတွေ အားလုံးအတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ကျွန်တော့်ကို ယုံကြည်ပြီး အခွင့်အရေးတွေ ပေးခဲ့လို့လည်း ထပ်ပြီး ကျေးဇူးတင်ချင်ပါတယ်။ ဆရာသာ လိုအပ်မယ် ဆိုရင် ကျွန်တော်က ဆရာနဲ့အတူ အမြဲတမ်း ရှိနေမယ် ဆိုတာကိုလည်း သိစေချင်ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။