မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားသစ်ဖြစ်သူ အန်တိုနီက ယူနိုက်တက်အသင်းမှာ ပြုလုပ်ရတဲ့ လေ့ကျင့်ခန်း အစီအစဥ်တွေက သူရဲ့အသင်းဟောင်း အိုင်းယတ်စ်အသင်းမှာ ပြုလုပ်ရတာတွေနဲ့ အရမ်း ကွဲပြားခြားနားပြီး ပြင်းထန်မှုရှိလို့ စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်မှုတွေ လုပ်ဆောင်ထားတယ်လို့ ဖွင့်ဟပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

ဘရာဇီးလ် လက်ရွေးစင် တောင်ပံကစားသမား အန်တိုနီဟာ ဒီနှစ် နွေစျေးကွက်အတွင်းမှာပဲ အိုင်းယတ်စ်ကနေ ယူနိုက်တက်အသင်းဆီကို ယူရိုသန်းတစ်ရာနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပွဲဦးထွက်မှာပဲ အာဆင်နယ်အသင်းဘက်ကို တာထွက်သွင်းဂိုးတစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပါတယ်။ အန်တိုနီဟာ အဲ့ဒီပွဲစဥ်နောက်ပိုင်းကတည်းက ယူနိုက်တက်ရဲ့ ပွဲတွေဆက်တိုက် ပါဝင်ခွင့် ရလာခဲ့တဲ့ အန်တိုနီက ယူနိုက်တက်မှာ လေ့ကျင့်ခန်း အစီအစဥ်တွေ လုပ်ဆောင်နေရခြင်းက အသင်းဟောင်း အိုင်းယတ်စ်မှာလို မဟုတ်တော့ပဲ ကွဲပြားမှုတွေ ရှိနေဖြစ်လို့ ပြင်းထန်တဲ့ စိန်ခေါ်မှုတွေအတွက် ပြင်ဆင်ထားတယ်လို့ ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Mail

အန်တိုနီက “လေ့ကျင့်ရေးတွေက ကွာခြားမှုရှိပေမယ့်လည်း စိတ်ပိုင်းဆိုင်ရာအရတော့ ပြင်ဆင်ထားပါတယ်။ ကျွန်တော်က ပရီးမီးယားလိဂ်ကို အမြဲကြည့်နေတာဖြစ်လို့ ဒီပြိုင်ပွဲက ဘယ်လောက်ထိ ပြင်းထန်လဲဆိုတာကို သိနေပါတယ်။ ပွဲတွေက ဘယ်လောက်ပြင်းထန်လဲဆိုတာ သိနေ​တာကြောင့် ရာနှုန်းပြည့် အကောင်းဆုံး စွမ်းဆောင်နိုင်ဖို့အတွက် လေ့ကျင့်ပြင်ဆင်မှုတွေ အများကြီး လုပ်ဆောင်ထားပါတယ်။ အသင်းက အရမ်းကောင်းတဲ့ ကစားသမားတွေနဲ့ စုစည်းထားတာဖြစ်လို့ ကစားသမားတစ်ယောက်နဲ့ တစ်ယောက်ကြားမှာ နားလည်မှုတွေ ဆောက်တည်ရမယ်။ ကျွန်တော်တို့က တစ်ပွဲပြီးတစ်ပွဲ တစ်နေ့ထက်တစ်နေ့ ပိုပိုပြီး သိလာရတယ်။ ဒါမှ ကစားသမားတွေကြားက ဟန်ချက်ညီမှုတွေဟာ ရှိလာနိုင်မယ်။ အလုပ်လည်း ဖြစ်လာနိုင်မယ်။ ဒီမှာရှိတဲ့သူတွေကလည်း ကျွန်တော့်ကို နွေးနွေးထွေးထွေး ဝိုင်းကြိုဆိုကြလို့ အိမ်ကို ရောက်နေရသလိုတောင် ခံစားမိတယ်။ ဒီလိုနဲ့ မန်ချက်စတာမှာ နေသားတကျ ဖြစ်သွားခဲပရတယ်။ ဒီမှာရှိတဲ့ ဘရာဇီးလ်သားတွေနဲ့ လက်တွဲ လုပ်ကိုင်ရတာ အရမ်းကောင်းသလို တခြားအသင်းသားတွေကလည်း မယုံနိုင်လောက်အောင် ကြိုဆိုကြတယ်။ ဒါက ကျွန်တော့်ကို လိုက်လျောညီထွေဖြစ်အောင် အတော်လေး ကူညီပေးပါတယ်” လို့ ထုတ်ဖော် ပြောဆိုလိုက်ပါတယ်။