ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပစ်မှတ် ကစားသမား ဖြစ်သူ အေဂျက် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီကတော့ သူဟာ တနေ့မှာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ လာရောက် ကစားချင်ကြောင်း ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။

အသက် ၂၁နှစ် အရွယ် ဘရာဇီးလ် တောင်ပံတိုက်စစ် ကစားသမား အန်တိုနီဟာ ဘယ်တောင်ပံနဲ့ ညာတောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်ပြီး လိုအပ်ရင် နောက်ချန် တိုက်စစ်မှူး အဖြစ်ပါ ကစားနိုင်စွမ်း ရှိသူ တဦး ဖြစ်တာကြောင့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ စီစဉ်နေတဲ့ မန်ချက်စတာ ယူနိုက်တက်က သူ့ကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

Photo Credit: Express

အန်တိုနီဟာ လိမ်ခေါက် ဖြတ်ကျော်နိုင်စွမ်း မြင့်မားပြီး ဘောလုံးပေးပို့ရာမှာလည်း အကွက်မြင်တာကြောင့် အရည်အသွေးမြင့် တောင်ပံတိုက်စစ် ကစားသမား အဖြစ် သတ်မှတ်ခံထားရပြီး ယခုနှစ် ဘောလုံးရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ ၂၆ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၁ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၉ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အေဂျက်ကတော့ အန်တိုနီအတွက် ပြောင်းရွှေ့ကြေးကို ယူရို ၄၀သန်း ဝန်းကျင် သတ်မှတ်ထားပြီး အန်တိုနီက သူဟာ တနေ့မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲ (သို့) လာလီဂါပြိုင်ပွဲဆီ သွားရောက် ကစားဖို့ ဆန္ဒရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

အန်တိုနီက – “ကျွန်တော်က အေဂျက်မှာ ရှိနေရတဲ့ အတွက် ပျော်ရွှင်ပါတယ်။ ဒါပေမယ့် တချိန်ကျရင် ကျွန်တော်က ကစားသမား ဘဝ နောက်တဆင့်ဆီ တက်လှမ်းရဦးမှာပါ။ ပရီးမီးယားလိဂ်နဲ့ လာလီဂါက အတော်လေးကို ကောင်းမွန်တဲ့ လိဂ်တွေပဲ ဖြစ်ပါတယ်။ ဒါကြောင့်ပဲ မှန်ကန်တဲ့ အချိန်တခု ရောက်ရင် ကျွန်တော်က အဲ့ဒီလိဂ်တွေမှာ ကစားချင်ပါတယ်။ ဘယ်နေရာမှာ ကစားဖြစ်မလဲ ဆိုတာကိုတော့ ဘုရားသခင်ကပဲ အတိအကျ သိပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။