ဆောင်းရာသီစျေးကွက်ရဲ့ နောက်ဆုံးအချိန်မှာ တရုတ်စူပါလိဂ်ကလပ် ရှန်ဟိုင်းရှင်ဟွာအသင်းကနေ တိုက်စစ်ပိုင်းလိုအပ်ချက်ရှိနေတဲ့ မန်ချက်စတာယူနိုက်တက်အသင်းဆီကို ခြောက်လအငှားစာချုပ်နဲ့ ပြောင်းရွှေ့ဖြစ်ခဲ့တဲ့ နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်မှူးအီဂါလိုကတော့ ယူနိုက်တက်မှာ ယခင်က အသင်းခေါင်းဆောင်ဟောင်းကြီး အန်တိုနီဗလန်စီယာ နှစ်ပေါင်းမြောက်များစွာ ဝတ်ဆင်သွားခဲ့တဲ့ ကျောနံပါတစ်ခုဖြစ်တဲ့ ကျောနံပါတ်၂၅ကို ဝတ်ဆင်သွားမှာဖြစ်ပြီး ဗလန်စီယာကိုယ်တိုင်ကလည်း သူ့နံပါတ်ကို ဆက်ခံသွားမယ့် အီဂါလိုအတွက် အားပေးစကားပြောဆိုလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

ယူနိုက်တက်အသင်းဟာ ဆောင်းရာသီစျေးကွက် မစတင်ခင်ကတည်းက ရက်ဘူးဆာလ်ဇ်ဘာ့ဂ်ကနေ အာလင်းဟာလန်းကို ခေါ်ယူဖို့အတွက် ကြိုးပမ်းခဲ့ပေမယ့်လည်း မအောင်မြင်ခဲ့တာကြောင့် ကာဗာနီ ပီယွန်တက်ခ် အစရှိတဲ့ ထိပ်တန်းတိုက်စစ်မှူးတွေကိုလည်း စျေးကွက်အတွင်းမှာ ထပ်မံကြိုးစားခဲ့ရာမှာလည်း အလုပ်မဖြစ်ခဲ့လို့ နောက်ဆုံးမှာတော့ ပရီးမီးယားလိဂ်မှာ ကျင်လည်ဖူးခဲ့တဲ့ အီဂါလိုကိုပဲ ကာလတိုအငှားစာချုပ်နဲ့ ခေါ်ယူခဲ့ရတာဖြစ်ပါတယ်။ အီဂါလိုဟာ လာမယ့်ဖေဖော်ဝါရီ၁၈ရက်နေ့မှာ ကစားသွားရမယ့် ချယ်လ်ဆီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ယူနိုက်တက်အတွက် ပွဲဦးထွက်ကစားရဖွယ် ရှိနေပါတယ်။

Photo Credit : AllFootball

အခုလို ကျောနံပါတ်၂၅ကို ဝတ်ဆင်ရတော့မယ့် ကစားသမားသစ် အီဂါလိုနဲ့ပတ်သက်ပြီး ကျောနံပါတ်၂၅ရဲ့ ယခင်ပိုင်ရှင်က ဗလန်စီယာက “ကျွန်တော်ကတော့ ဒီကျောနံပါတ်၂၅ကို ကျွန်တော့်ရဲ့အိမ်မက်တွေအတွက် အခွင့်အလမ်းတွေဖြစ်စေခဲ့တဲ့ နံပါတ်တစ်ခုလို့ မြင်မိပါတယ်။ ဒီနံပါတ်က ကျွန်တော့်အတွက် စိတ်အားမြင့်တတ်စေတဲ့ အဆောင်နံပါတစ်တစ်ခုလိုတောင် ဖြစ်လာစေခဲ့ရပါတယ်။ အခု ဒီနံပါတ်ကို လက်ခံရရှိမယ့် ညီအစ်ကိုလည်း အောင်မြင်မှုတွေကို ပိုင်ဆိုင်နိုင်ပါစေလို့ ကျွန်တော်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်” အားပေးစကားပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ မွေးရပ်မြေ အီကွေဒေါနိုင်ငံက ကလပ်အသင်းတစ်ခုမှာ ပါဝင်ကစားနေတဲ့ ဗလန်စီယာဟာ ယူနိုက်တက်အသင်းမှာ ဆယ်နှစ်တာအထိ ပါဝင်ကစားခဲ့သူဖြစ်ကာ အသင်းနဲ့ ပရီးမီးယားလိဂ်ဆုဖလား ၂ကြိမ်နဲ့ ယူရိုပါလိဂ်ဖလားတွေကို အပါအဝင် တစ်နှစ်တာရဲ့ယူနိုက်တက်အကောင်းဆုံးကစားသမားဆုတွေကိုပါ သိမ်းပိုက်ရယူနိုင်ခဲ့ပါတယ်။