ချယ်လ်ဆီးအသင်းကတော့ လာမယ့်ဘောလုံးရာသီမှာ အသင်းကို အင်အားတောင့်တင်းနေဖို့အတွက တီမိုဝါနာနဲ့ ဟာကင်ဇီယက်ရှ်တို့လို ကစားသမားသစ်တွေ ခေါ်ယူနိုင်ခဲ့ပေမယ့် ဒါဟာ အသင်းရဲ့တိုက်စစ်ပိုင်းကိုပဲ အားဖြည့်နေတာဖြစ်ပြီး ခံစစ်ပိုင်းအတွက်ကိုလည်း ကစားသမားသစ်တွေ ထပ်မံခေါ်ယူသင့်သလို အသင်းရဲ့အမာခံကစားသမားတွေကိုလည်း စာချုပ်သစ်တွေ ထပ်မံချုပ်ဆိုသင့်နေပါသေးတယ်။ ဒါပေမယ့် အသင်းရဲ့ အဓိက ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်နေတဲ့ နောက်ခံလူရူဒီဂါကိုတော့ ချယ်လ်ဆီးဘက်ကနေ သက်တမ်းတိုးဖို့အတွက် အခုထိ လုပ်ဆောင်မှုတွေ မရှိသေးဘူးလို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား အန်တိုနီယိုရူဒီဂါဟာ ၂၀၁၇ခုနှ်ကမှ ရိုးမားအသင်းကနေ ချယ်လ်ဆီးအသင်းကို ပေါင်(၂၉)သန်းခန့်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ယူရိုပါလိဂ်ဖလား အက်အေဖလားတို့ကိုလည်း ပိုင်ဆိုင်နိုင်ခဲ့ပါတယ်။ အသင်းကို ရောက်ရှိလာချိန်တုန်းက အသင်းနဲ့ (၅)နှစ်စာချုပ်ချုပ်ဆိုခဲ့တဲ့ ရူဒီဂါဟာ လာမယ့် ၂၀၂၂ခုနှစ်မှာပဲ သူရဲ့စာချုပ်သက်တမ်းက ကုန်ဆုံးတောမှာဖြစ်လို့ သက်တမ်း(၂)နှစ်ပဲ ကျန်ရှိတော့ချိန်မှာ ချယ်လ်ဆီးဘက်ကနေ သူ့ကို စာချုပ်သစ် ကမ်းလှမ်းသင့်ပေမယ့် အခုထိကို ဆွေးနွေးမှုတွေတောင် မပြုလုပ်သေးဘူးလို့ သိရှိရပါတယ်။

Photo Credit : Goal

ရူဒီဂါဟာ ချယ်လ်ဆီးအသင်းကို ကွန်တီကိုင်တွယ်ခဲ့စဉ်တုန်းက ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၄၀)ကျော်အထိ ပါဝင်ကစားနိုင်ခဲ့သလို ဆာရီကိုင်တွယ်ခဲ့တဲ့ ပြီးခဲ့တဲ့နှစ် ဘောလုံးရာသီမှာလည်း ဒီလောက်ပမာဏလောက် ကစားခွင့်ရခဲ့ပါတယ်။ ဒါပေမယ့် ဖရန့်လမ်းပတ် ကိုင်တွယ်နေတဲ့ ဒီနှစ်ဘောလုံးရာသီမှာတော့ ဒဏ်ရာပြသာနာကြောင့် လက်ရှိအချိန် ပွဲ(၂၀)လောက်သာ ကစားထားရသေးပြီး အသင်းဘက်ကနေလည်း အခုအချိန်ထိ သူရဲ့စာချုပ်သက်တမ်းကိစ္စနဲ့ပတ်သက်ပြီး အနည်းငယ်လေးတောင် ဆွေးနွေးမှုတွေ မစတင်နိုင်သေးတာကြောင့် သူရဲ့အနာဂတ်က မရေမရာဖြစ်လာခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းရဲ့ခံစစ်ပိုင်းကလည်း ဒီရာသီမှာ အားအရမ်းနည်းနေတာကြောင့် နည်းပြလမ်းပတ်က ခံစစ်ပိုင်းကို ပြုပြင်မှုတွေ များစွာလုပ်ဆောင်ဖို့ ဟန်ပြင်နေပြီး သူစိတ်တိုင်းမကျတဲ့ ကစားသမားတွေကိုလည်း အသင်းကနေ ရောင်းထုတ်ဖွယ် ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ နောက်ခံလူတွေဖြစ်တဲ့ ဇူးမား အလွန်ဆို အီမာဆင်တို့က ချယ်လ်ဆီးနဲ့ လက်တွဲဖြုတ်ရဖွယ်ရှိနေပြီး အသင်းရဲ့စပိန်ဂိုးသမားကယ်ပါမှာလည်း အသင်းကနေ ရောင်းချခံရဖို့ အလွန်နီးစပ်လျက်ရှိနေပါတယ်။