ချယ်လ်ဆီးအသင်းဆီကို လေဗာကူဆင်အသင်းရဲ့ ဂျာမနီကြယ်ပွင့် ကစားသမားလေး ကိုင်းဟားဗက်ဇ် ပြောင်းရွှေ့လာတုန်းက ဒီအပြောင်းအရွှေ့ကို အထမြောက်လာအောင် တစ်ထောင့်တစ်နေရာကနေ ကူညီဆောင်ရွှက်ပေးခဲ့တဲ့ ချယ်လ်ဆီးနောက်ခံလူ အန်တိုနီယိုရူဒီဂါဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းကလည်း ဘိုင်ယန်မြူးနစ် နောက်ခံကစားသမားဟောင်းဖြစ်တဲ့ ဒေးဗစ်အလာဘာကို ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာအောင်ပါ ကြိုးပမ်းခဲ့သေးတယ်လို့ သိရှိရပါတယ်။

Photo Credit : SPORTbible

ဂျာမနီလက်ရွေးစင် နောက်ခံကစားသမား ရူဒီဂါဟာ ဘိုင်ယန်နောက်ခံလူဟောင်း အလာဘာကို ရီးယဲလ်အသင်းဆီ အလွတ်ပြောင်းရွှေ့ကြေး မက်မောစရာ လုပ်ခလစာတွေနဲ့ မပြောင်းရွှေ့သွားခင်မှာ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့လာဖို့ The Daily Telegraph ကနေ ဖော်ပြလာခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ ရူဒီဂါကိုယ်တိုင် ဒီနှစ်ဘောလုံးရာသီအကုန်မှာ ချယ်လ်ဆီးအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်သလို အသင်းရဲ့ သက်တမ်းတိုး ကမ်းလှမ်းမှုတွေကိုလည်း ပယ်ချထားပြီး သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေထဲကမှ အလာဘာ ရှိနေတဲ့ ရီးယဲလ်မက်ဒရစ်အသင်းကိုသာ ရွေးချယ်ဖွယ် ရှိနေပါတယ်။

Photo Credit : Daily Star

အသက်(၂၈)နှစ်အရွှယ်ရှိ ဂျာမနီနောက်ခံလူ ရူဒီဂါဟာ ၂၀၁၇ခုနှစ်ကတည်းက ရိုးမားအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ် ယူရိုပါလိဂ် ဥရောပစူပါဖလားနဲ့ အက်အေဖလားတွေ ရယူထားနိုင်ခဲ့သလို အသင်းအတွက်ကိုလည်း ပြိုင်ပွဲစုံ (၁၆၆)ပွဲအထိ ပါဝင်ကစားထားခဲ့ပါတယ်။ လက်ရှိမှာ အသင်းရဲ့ခံစစ်ကစားသမားတွေအနက် အသင်းအတွက် အရေးအပါဆုံးသော နောက်ခံလူတစ်ဦး ဖြစ်နေရတဲ့ ရူဒီဂါဟာ အသင်းနဲ့ သက်တမ်းကုန်ဆုံးဖို့ လပိုင်းလောက်သာ ကျန်ရှိနေတော့ပြီး အသင်းဘက်ကနေ တစ်ပတ်လုပ်ခ ပေါင်(၁၄၀၀၀၀)နဲ့ ကမ်းလှမ်းထားပေမယ့် ရူဒီဂါကတော့ သူရဲ့လုပ်ခလစာကို ပိုမိုတောင်းဆိုလိုနေတာကြောင့် စာချုပ်သစ်ကိစ္စက ကြန့်ကြာနေရတဲ့အပြင် မကြာခင်ရက်ပိုင်းမှာ စတင်ဖွင့်လှစ်သွားတော့မယ့် ဆောင်းစျေးကွက်ထဲမှာပဲ ရူဒီဂါအနေနဲ့ သူ့ကို ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေနဲ့ ဆွေးနွေးမှုတွေ အကြိုသဘောတူညီမှုတွေကိုပါ လုပ်ဆောင်နိုင်တော့မှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ရီးယဲလ်အသင်းဟာ ရူဒီဂါအတွက် တကယ့်ကို မြင့်မားလွန်းတဲ့ လုပ်ခလစာမျိုးနဲ့ ကမ်းလှမ်းသွားဖွယ် ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။