စပိန်လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ဗဟိုနောက်ခံလူ ရူဒီဂါက သူဟာ မန်ချက်စတာ စီးတီးရဲ့ အဓိက တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ ရင်ဆိုင် ကစားဖို့ မစောင့်နိုင်တော့ဘူးလို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုလာပါတယ်။

ရူဒီဂါရဲ့ ရီးရဲလ်မက်ဒရစ်နဲ့ အာလင်း ဟာလန်းရဲ့ မန်ချက်စတာ စီးတီးတို့က ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ ကွာတားဖိုင်နယ်မှာ ထိပ်တိုက် တွေ့ဆုံနေကြတာ ဖြစ်ပြီး လာမယ့် ဗုဒ္ဓဟူးနေ့ မနက်အစောပိုင်းမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ဟာ ကွာတားဖိုင်နယ် ပထမအကျော့ အဖြစ် စပိန်မြေမှာ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

Photo Credit: Team Talk

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့က နောက်ပိုင်းနှစ်တွေမှာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ မကြာခဏ ထိပ်တိုက် တွေ့ဆုံနေကြတဲ့ အသင်းတွေ ဖြစ်ကြပြီး သူတို့နှစ်သင်းက ရှေ့နှစ်ရာသီမှာလည်း ထိပ်တိုက် တွေ့ဆုံခဲ့ဖူးကာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီမှာ ရီးရဲလ်မက်ဒရစ်က မန်ချက်စတာ စီးတီးကို အနိုင်ယူ ကျော်ဖြတ်ခဲ့သလို ပြီးခဲ့တဲ့ရာသီမှာ မန်ချက်စတာ စီးတီးက ရီးရဲလ်မက်ဒရစ်ကို အနိုင် ကစားပြခဲ့ပါတယ်။

ရီးရဲလ်မက်ဒရစ်နဲ့ မန်ချက်စတာ စီးတီးတို့ နှစ်သင်းစလုံးက လက်ရှိ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းစားနေတဲ့ အသင်းတွေ ဖြစ်ကြသလို သက်ဆိုင်ရာလိဂ်တွေမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်တဲ့ အသင်းတွေ ဖြစ်တာကြောင့် သူတို့နှစ်သင်း ထိပ်တိုက် တွေ့ဆုံတဲ့ ပွဲစဉ်မှာ ဘယ်အသင်းက အသာစီး ရသွားမလဲ ဆိုတာ ခန့်မှန်းရ ခက်နေပါတယ်။

Photo Credit: Marca

ဒါပေမယ့် ရီးရဲလ်မက်ဒရစ်ကသာ မန်ချက်စတာ စီးတီးရဲ့ ဂိုးသွင်းစက် အာလင်း ဟာလန်းကို ထိန်းချုပ် ကစားနိုင်မယ် ဆိုရင် နိုင်ပွဲ ရဖို့ ရာခိုင်နှုန်း များလာမှာ ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်ရဲ့ အဓိက ခံစစ်မှူး ရူဒီဂါဟာ အာလင်း ဟာလန်းကို လူကပ် ကစားရမယ့် တာဝန်ကို ယူရဖွယ် ရှိနေပါတယ်။

ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး အထောင်တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပေမယ့် ရူဒီဂါကတော့ ဟာလန်းကို ကြောက်ရွံ့ခြင်း မရှိသလို သူက ဟာလန်းနဲ့ ရင်ဆိုင် ကစားချင်နေပြီလို့လည်း ဆိုလာပါတယ်။ ရူဒီဂါက – “ကျွန်တော်က ဟာလန်းနဲ့ တိုက်ခိုက်ရမယ့် တိုက်ပွဲကို မစောင့်နိုင်တော့ပါဘူး။ ဒီလို ပွဲကြီးပွဲကောင်းမျိုး ဆိုတာ ကစားသမားတိုင်း တောင့်တကြတဲ့ ပွဲကောင်းတွေပါ။ ဒီလိုပွဲမျိုးရဲ့ အစိတ်အပိုင်း တခု အဖြစ် ပါဝင် ကစားခွင့် ရတာကိုက ပျော်စရာ တခုပါ။ မန်ချက်စတာ စီးတီးမှာ ဟာလန်း အပါအဝင် ထိပ်တန်း ကစားသမားတွေ အများကြီး ရှိပါတယ်။ ဟာလန်းက ထိပ်တန်း တိုက်စစ်မှူး တဦးပါ။ ဒါကြောင့် ကျွန်တော်က သူနဲ့ ရင်ဆိုင်ဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။