အင်တာမီလန်အသင်းရဲ့နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီကတော့ အသင်းကို ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ပြုပြင်ပြောင်းလဲမှုများစွာ လုပ်ဆောင်ခဲ့ပြီး ရာသီအကုန်မှာလည်း ချန်ပီယံဂျုဗင်တပ်စ်အသင်းနဲ့ ရမှတ်တစ်မှတ်တည်းသာ ကွာဟခဲ့ကာ အဆင့်(၂)နေရာနဲ့ ရပ်တည်နိုင်ခဲ့ပါတယ်။ အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေနဲ့ ရာသီသိမ်းနိုင်ခဲ့တဲ့ ကွန်တီဟာ လက်ရှိမှာတော့ အသင်းနဲ့ လမ်းခွဲဖို့အထိပါ အံ့အားသင့်စဖွယ် စဉ်းစားလာခဲ့တယ်လို့ အီတလီသတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sempireinter

ဂျုဗင်တပ်စ်နဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့နည်းပြဟောင်း ကွန်တီဟာ အင်တာမီလန်အသင်းကို ဒီနှစ်ဘောလုံးရာသီအစမှာ စတင်ကိုင်တွယ်ခဲ့တာဖြစ်ပြီး အသင်းကို ရလဒ်ကောင်းတွေရအောင် စွမ်းဆောင်နိုင်ခဲ့ပေမယ့် အသင်းရဲ့စီမံခန့်ခွဲအပိုင်းတွေနဲ့ပတ်သက်ပြီး သူနဲ့ အသင်းတာဝန်ရှိသူတွေကြားမှာ မပြေလည်မှုတွေ ရှိနေတာကြောင့် ကွန်တီနဲ့အင်တာတို့ လမ်းခွဲဖွယ်ရှိလာနိုင်တယ် Sky Sports Italia ကနေ ဖော်ပြလာခဲ့ပါတယ်။ အင်တာအသင်းအနေနဲ့ ကွန်တီနဲ့ လမ်းခွဲဖြစ်ခဲ့မယ်ဆိုပါက ဂျုဗင်တပ်စ်နည်းပြဟောင်း မက်စ်အယ်လီဂရီနဲ့ ပြန်လည်အစားထိုးသွားဖို့ ချိန်ရွှယ်လျက်ရှိနေပါတယ်။

Photo Credit : One Football

ပြီးခဲ့တဲ့ဘောလုံးရာသီ ဝါရင့်နည်းပြကြီး စပယ်လက်တီကိုင်တွယ်ခဲ့စဉ်တုန်းကထက် (၁၃)မှတ်တောင် များပြားလာအောင် စွမ်းဆောင်နိုင်ခဲ့တဲ့ ကွန်တီဟာ အသင်းကို ချန်ပီယံလိဂ်ဝင်ခွင့် ထပ်မံရရှိအောင် လုပ်ဆောင်ခဲ့ပေမယ့်လည်း ရာသီအစပိုင်းလောက်ကတည်းက အသင်းတာဝန်ရှိသူတွေရဲ့ အသင်းအပေါ် စီမံခန့်ခွဲမှုတွေကို စိတ်တိုင်းမကျဖြစ်နေတဲ့အတွက် အသင်းနဲ့ အဆင်မပြေဖြစ်နေခဲ့ရပြီး ဒီရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်ဖွယ်ပါ ရှိလာခဲ့ရပါတယ်။ တကယ်လို့ ကွန်တီနဲ့ လမ်းခွဲဖြစ်ခဲ့မယ်ဆိုရင် အင်တာမီလန်အသင်းက လက်ရှိမှာ အသင်းလက်မဲ့ဖြစ်လို့နေတဲ့ မက်စ်အယ်လီဂရီနဲ့ အစားထိုးသွားဖို့ ပစ်မှတ်ထားလို့နေပြီး အယ်လီဂရီကိုယ်တိုင်ကလည်း စီးရီးအေမှာပဲ နည်းပြချင်နေတာကြောင့် ကွန်တီသာ အသင်းနဲ့ လက်တွဲဖြုတ်လာမယ်ဆိုရင် ကွန်တီနေရာကို အစားဝင်လာနိုင်ပါတယ်။ လက်ရှိမှာ အင်တာမီလန်အသင်းက ယူရိုပါလိဂ်ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ပြီး လာမယ့်(၆)ရက်နေ့မှာပဲ ဂီတာဖေးအသင်းနဲ့ ယူရိုပါလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ပွဲစဉ်ကို ယှဉ်ပြိုင်ကစားရဦးမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာတော့ ဗိုလ်စွဲနိုင်အောင် ပစ်မှတ်ထားလျက်ရှိနေပါတယ်။