စပါးအသင်းရဲ့နည်းပြ အန်တိုနီယိုကွန်တီက သူရဲ့အသင်းဟောင်း ချယ်လ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လန်ဒန်ဒါဘီ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်း ရှုံးပွဲကြုံတွေ့ခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းလို ထိပ်တန်းအသင်းကြီးတွေနဲ့ စပါးအသင်းတို့ရဲ့ကြားမှာ ရှိနေတဲ့ ကွာဟချက်တွေက အရမ်းကို ကြီးမားလွန်းနေရတယ်လို့ ပွဲအပြီးမှာ BBC နဲ့ အင်တာဗျူး ပြုလုပ်စဉ်အတွင်း ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : The Telegraph
ကွန်တီရဲ့ စပါးအသင်းဟာ အခု ဇန်နဝါရီလအတွင်း ချယ်လ်ဆီးအသင်းနဲ့ (၃)ကြိမ်တိုင်တိုင် ဆုံတွေ့ထားခဲ့ရပြီး အဲ့ဒီ(၃)ကြိမ်လုံးမှာ ချယ်လ်ဆီးက (၂)ဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်တွေနဲ့ အနိုင်ယူခဲ့ပြီး လိဂ်ဖလားပြိ်ုင်ပွဲကနေပါ ဖြုတ်ချထားခဲ့သလို တစ်ဖက်မှာလည်း စပါးရဲ့ ချန်ပီယံလိဂ်ဝင်ခွင့်ကိုပါ အနည်းလေး ယိမ်းယိုင်သွားစေခဲ့ရပါတယ်။ (၁၈)ရက်တာအတွင်းမှာ (၃)ကြိမ် တွေ့ဆုံခဲ့ရတဲ့ ပြိုင်ဘက်အသင်းက အဲ့ဒီအကြိမ်အားလုံးကို အနိုင်ရအောင် ကစားနိုင်ခဲ့တယ်ဆိုတာက သူတို့အသင်းက ကိုယ့်အသင်းထက်ကို ပိုမိုကောင်းမွန်နေလို့သာဖြစ်ပြီး ချယ်လ်ဆီးနဲ့ သူတို့အသင်းရဲ့ကြားက ကွာဟချက်ကလည်း အလွန်ကြီးမားနေပြီလို့ ကွန်တီက ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Express
အသင်းရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ကွန်တီက”အရေးကြီးတဲ့ ကလပ်အသင်း တစ်သင်းဖြစ်လာဖို့အတွက် အဲ့ဒီအသင်းအတွက် အရေးကြီးတဲ့ ကစားသမားတွေ လိုအပ်ပါတယ်။ အခုအချိန်မှာတော့ ကျွန်တော်တို့က ဒါတွေနဲ့ ဝေးကွာနေခဲ့ပါတယ်။ အဲ့လို ဖြစ်လာဖို့ကလည်း အချိန်လိုအပ်ပါတယ်။ အသင်းတွေရဲ့ကြားက ကွာဟချက်တွေကို ကျဉ်းမြောင်းလာအောင် အပြောင်းအရွှေ့စျေးကွက် တစ်ခုတည်းနဲ့ မလုပ်ဆောင်နိုင်ပါဘူး။ လွန်ခဲ့တဲ့ နှစ်အနည်းငယ်ကတည်းက ကြီးမားလာခဲ့တဲ့ ဒီလို ကွာဟချက်တွေကို အချိန်တိုလေးအတွင်းနဲ့ အဖြေရှာနိုင်ဖို့ဆိုတာကလည်း မဖြစ်နိုင်ပါဘူး။ ကျွန်တော်ကတော့ ဒီနှစ်ဘောလုံးရာသီ အကုန်ထိကိုပဲ အလုပ်လုပ်ဖို့ အာရုံစိုက်ထားပါတယ်။ အရာအားလုံးကို လုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားရမယ့် အချိန်ကာလက (၄)လတာပဲ ကျန်ရှိပါတော့တယ်။ ဒါပေမယ့် အပြောင်းအရွှေ့စျေးကွက်နဲ့ လက်ရှိအခြေအနေအပေါ် ဖြေရှင်းနိုင်မယ်လို့ တွေးနေမိတယ်ဆိုရင်တော့ ဒါဟာ လက်တွေ့မကျပါဘူး” လို့ ထုတ်ဖော်ပြောဆိုသွားပါတယ်။ လက်ရှိမှာတော့ စပါးအသင်းဟာ ကစားသမားသစ် ခေါ်ယူဖို့ထက် အသင်းရဲ့ ကွင်းလယ်လူနှစ်ဦးဖြစ်တဲ့ အမ်ဒွန်ဘီလီနဲ့ ဒယ််လီအလီတို့ကို ရှင်းထုတ်ဖို့ ပြင်ဆင်နေပြီး အသင်းရဲ့ အဓိကပစ်မှတ် ထရာအိုရေးကို ခေါ်ယူဖို့က စျေးကွက်ပိတ်သိမ်းဖို့ ရက်ပိုင်းပဲ ကျန်တော့တဲ့အထိ ကြန့်ကြာလျက်သာ ရှိနေရပါတယ်။