တော့တင်ဟမ်ဟော့စပါးအသင်းရဲ့ နည်းပြဖြစ်သူ အန်တိုနီယိုကွန်တီက အခု ဘောလုံးရာသီအကုန်မှာ သူနဲ့ စပါးအသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းကလည်း ကုန်ဆုံးတော့မှာ ဖြစ်သလို အသင်းဘက်ကလည်း သူ့ကို စာချုပ်သစ် ကမ်းလှမ်းလာခြင်း မရှိသေးတဲ့အတွက် ရာသီအကုန်မှာပဲ အသင်းနဲ့ လက်တွဲဖြုတ်သွားတော့မှာ ဖြစ်တယ်လို့ နာမည်ကျော် ဘောလုံးသတင်းထောက် ဒီမာဇီယိုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Sky Sports

စပါးအသင်းဟာ နူနိုဆန်းတို့စ်ကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်ပိုင်းမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ အီတလီလူမျိုး နာမည်ကျော်နည်းပြ ကွန်တီကို ၂၀၂၁ခုနှစ် နိုဝင်ဘာလမှာပဲ နည်းပြသစ်အဖြစ် ခန့်အပ်သွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးပြီး ပရီးမီးယားလိဂ်နဲ့ အက်အေဖလားတို့ကိုပါ ရယူထားနိုင်ခဲ့ဖူးတဲ့ နည်းပြကွန်တီဟာ စပါးအသင်းကို အကောင်းဆုံးပုံစံ ပြန်လည် ရရှိအောင် ကြိုးပမ်းနေပေမယ့် လက်ရှိမှာ အသင်းက ပရီးမီးယားလိဂ် နောက်ဆုံး(၅)ပွဲအတွင်း နိုင်ပွဲ (၁)ပွဲသာ ရှိထားပြီး (၃)ပွဲအထိ ရှုံးထားခဲ့ရတာတွေကြောင့် အသင်းဘက်က ကွန်တီကို ရာသီအကုန်မှာ စာချုပ်သက်တမ်း ထပ်မတိုးတော့ပဲ လမ်းခွဲဖို့ စဉ်းစားလာခဲ့သလို ကွန်တီဘက်ကလည်း အသင်းနဲ့ လက်တွဲဖြုတ်သွားဖို့ ဆန္ဒရှိလာခဲ့ပါတယ်။

Image

Photo Credit : Twitter

နည်းပြကွန်တီဟာ စပါးအသင်းကို ပြီးခဲ့တဲ့ ဘောလုံးရာသီရဲ့ ရာသီဝက်လောက် ရောက်ခါနီးမှ ကိုင်တွယ်ခဲ့ရတယ် ဆိုပေမယ့်လည်း ရာသီအကုန်မှာ အဆင့်(၄)နေရာနဲ့ ရာသီသိမ်းပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရရှိအောင် စွမ်းဆောင်ပေးနိုင်ခဲ့သလို ခါးသီးမြို့ခံအသင်း အာဆင်နယ်ရဲ့အထက်မှာ ရပ်တည်နိုင်လည်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ လက်ရှိရာသီမှာလည်း အသင်းကို အဆင့်(၅)နေရာမှာ ရှိနေအောင် လုပ်ဆောင်ထားခဲ့ပေမယ့်လည်း အသင်းက ဒီရာသီအတွင်းမှာ ရှုံးပွဲတွေလည်း များနေခဲ့ရသလို Top 6 အသင်းတွေနဲ့ ရင်ဆိုင်ရချိန်မှာလည်း ရလဒ်တွေ ဆိုးရွားနေတတ်တာတွေကြောင့် အသင်းဘက်ကနေ ကွန်တီကို စာချုပ် ထပ်တိုးသွားဖို့ ကြန့်ကြာနေတာ ဖြစ်ပါတယ်။ ကွန်တီကိုယ်တိုင်ကလည်း သူ လုပ်ပိုင်ခွင့် သိပ်မရတာမျိုး သူ့အတွက် အနာဂတ် မရေမရာ ဖြစ်နေတတ်တာမျိုးတို့ ရှိလာခဲ့ရင် အဲ့ဒီကလပ်အသင်းက ဘယ်လိုပဲ ဖြစ်နေပါစေ လက်တွဲဖြုတ်သွားဖို့ ဝန်မလေးတတ်တဲ့ နည်းပြဖြစ်လို့ သူရဲ့ စာချုပ် ကုန်ဆုံးချိန်မှာပဲ အသင်းနဲ့ နှုတ်ဆက်ခွဲခွာသွားဖို့ ရှိနေပါတယ်။