စပါးအသင်းဟာ အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ ဂါရတ်ဘေးလ်ကို လာမယ့်နွေစျေးကွက်အတွင်းမှာပဲ အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူသွားဖို့ စဉ်းစားလျက်ရှိနေပြီဖြစ်ပြီး ဒီလို ခေါ်ယူနိုင်ဖို့အတွက် အသင်းနည်းပြဖြစ်သူ အန်တိုနီယိုကွန်တီရဲ့ ဘေးလ်ကို အသင်းဆီ ခေါ်ယူနိုင်ဖို့ စိတ်ပါဝင်စားမှု ရှိမရှိဆိုတာကိုသာ စောင့်ဆိုင်းနေရလျက် ရှိနေတယ်လို့ သိရပါတယ်။

Photo Credit : Football Espana

အသက်(၃၂)နှစ်အရွှယ်ရှိ ဝေးလ်စ်လက်ရွေးစင် တောင်ပံတိုက်စစ်ကစားသမား ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီအတွင်း ရီးယဲလ်အသင်းအတွက် (၃)ပွဲသာ ပါဝင်ကစားထားပေးရပြီး ပေါင်ဒဏ်ရာ ခြေသလုံးကြွက်သားဒဏ်ရာတွေ ခံစားနေရတာကြောင့် အသင်းရဲ့ ပွဲစဉ်အများအပြားကို လွဲချော်ထားခဲ့ရပါတယ်။ ဘေးလ်ဟာ ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ ရီးယဲလ်အသင်းနဲ့ စာချုပ်သက်တမ်းက ကုန်ဆုံးသွားတော့မှာဖြစ်ပြီး အသင်းဘက်ကလည်း ဘေးလ်ကို သက်တမ်းတိုးဖို့ ဆန္ဒမရှိတော့တာကြောင့် ဘေးလ်အနေနဲ့ လာမယ့်နွေမှာ အသင်းနဲ့ လမ်းခွဲရတော့မှာ ဖြစ်ပါတယ်။ ဒီလို အခြေအနေရှိနေတဲ့ ဘေးလ်ကိုလည်း စျေးကွက်အတွင်းမှာပဲ ခေါ်ယူချင်နေတဲ့ ကလပ်အသင်းတွေဘက်ကနေ ဆက်သွယ်နိုင်မှာဖြစ်ပြီး ဘေးလ်ရဲ့အသင်းဟောင်းဖြစ်တဲ့ စပါးဘက်ကနေလည်း ဘေးလ်ကို ပြန်လည်ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက် ရှိနေပါတယ်။

Photo Credit : Sky Sports

ဘေးလ်ဟာ ၂ဝဝ၇ခုနှစ်ကတည်းက ဆောက်သမ်တန်ကနေ စပါးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ (၆)ရာသီကြာ ဖြတ်သန်းခဲ့ပြီးတဲ့နောက် ၂၀၁၃ခုနှစ်မှာပဲ စပါးကနေ ရီးယဲလ်မက်ဒရစ်အသင်းဆီကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်ဖြစ်တဲ့ ယူရို(၉၁)သန်းနဲ့ ပြောင်းရွှေ့ဖြစ်ခဲ့ပါတယ်။ ရီးယဲလ်အသင်းနဲ့ ဘောလုံးရာသီ (၈)ရာသီကြာ ဖြတ်သန်းခဲ့ပြီး အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလား အပါအဝင် အဓိက ဆုဖလားပေါင်း (၁၃)လုံးအထိ ပိိုင်ဆိုင်နိုင်ခဲ့ရတဲ့ ဘေးလ်ဟာ သူရဲ့မကြာခဏ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်နေရမှုတွေကြောင့် ရီးယဲလ်ဘက်ကနေ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားဖို့ ဆန္ဒမရှိတော့ပဲ အသင်းနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်သွားဖွယ် ရှိနေတာ ဖြစ်ပါတယ်။ ဘေးလ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း သူရဲ့အသင်းဟောင်းဖြစ်တဲ့ စပါးအသင်းဆီကို တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့သလို အသင်းအတွက် ပြိုင်ပွဲစုံ (၁၆)ဂိုးအထိ သွင်းယူပေးနိုင်တာကြောင့် ဘေးလ် ရီးယဲလ်အသင်းနဲ့ သက်တမ်းကုန်ဆုံးချိန်မှာ အသင်းဆီ ပြန်လည်ခေါ်ယူချင်နေပြီး အသင်းနည်းပြကွန်တီရဲ့ ဆုံးဖြတ်ချက်ကို စောင့်ဆိုင်းနေရတာ ဖြစ်တယ်လို့ သိရပါတယ်။