MySport Myanmar

ဆွန်ဟောင်မင်က ဒီထက်မကကို ပိုကောင်းမွန်လာနိုင်တယ်လို့ ကွန်တီ ယုံကြည်နေ

စပါးအသင်းရဲ့ နည်းပြ အန်တိုနီယိုကွန်တီက သူအသင်းရဲ့ တောင်ကိုရီးယားကြယ်ပွင့် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်အနေနဲ့ လက်ရှိအချိန်မှာ ဂိုးသွင်းအားကောင်းမွန်နေပြီး ခြေစွမ်းကောင်းတွေကိုလည်း ပုံမှန်ပြသထားနိုင်သလို အသင်းကိုပါ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် ကူညီပေးနေနိုင်ပေမယ့် သူရဲ့စွမ်းဆောင်ရည်တွေက ဒီထက်မကို ပိုမို တိုးတတ်ကောင်းမွန်လာနိုင်သေးတယ်လို့ ယုံကြည်စွာ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ကြွက်သားဒဏ်ရာကြောင့် ဇန်နဝါရီလ တစ်လလုံးနီးပါး အနားယူခဲ့ရတဲ့ တောင်ကိုရီးယား လက်ရွေးစင် တိုက်စစ်ကစားသမား ဆွန်ဟောင်မင်ဟာ ဖေဖော်ဝါရီလမှာပဲ အသင်းအတွက် ပြန်ကစားနိုင်ခဲ့တဲ့အပြင် အဲ့ဒီအချိန်ကနေ ပြီးခဲ့တဲ့တစ်ပတ် ဗီလာကို (၄)ဂိုးပြတ်နဲ့ အနိုင်ရခဲ့တဲ့ ပွဲစဉ်အထိ ဆွန်ဟာ စပါးအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၉)ဂိုး ဂိုးဖန်တီးမှု (၃)ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။ ဆွန်က သူရဲ့ အကောင်းဆုံး form နဲ့အတူ သူရဲ့စပါးအသင်းကို ဥရောပ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိနိုင်အောင်ပါ အဓိကနေရာကနေ စွမ်းဆောင်ပေးနိုင်ပြီး အသင်းအတွက် အဓိက မောင်းတင်ပေးနေတဲ့ ဆွန်က အခုထက်မကကို ပိုမိုကောင်းမွန်လာနိုင်သေးတယ်လို့ အသင်းနည်းပြ ကွန်တီက ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဆွန်ဟောင်မင်နဲ့ ပတ်သက်ပြီး နည်းပြကွန်တီက “တကယ်ကောင်းတဲ့ ကစားသမားတစ်ယောက်အကြောင်း ပြောနေတာပါ။ ဒဏ်ရာရပြီးတဲ့အချိန်မှာ အကောင်းဆုံး အခြေအနေမျိုးကို ပြန်ရရှိလာနိုင်ဖို့အတွက် အချိန်အနည်းငယ် လိုအပ်တယ်ဆိုတာက ပုံမှန်ပဲလို့ သေချာပေါက် ပြောနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ ဘောလုံးအတွေးအခေါ်တွေထဲကို ပြန်လည်ဝင်ရောက်လာနိုင်တာ။ ဆွန်က ကျွန်တော်တို့အတွက် တကယ့်ကို အရေးပါတဲ့ ကစားသမားတစ်ဦးဖြစ်ပြီး သူရဲ့လက်ရှိ စွမ်းရည်ကလည်း အထွတ်အထိပ်မှာပါ။ ဒါပေမယ့် သူက ဒီထက်မက ပိုတိုးတတ်လာနိုင်ပြီးတော့ ဒါကလည်း ကျွန်တော်ရဲ့ မျှော်လင့်ချက်ပါပဲ။ ဆွန်က ဒီမျှော်လင့်ချက်ကို ကျွန်တော်တို့အတွက် ရာသီအစကတည်းကနေ ရာသီကုန်အထိကို ပေးစွမ်းနေမှာဖြစ်ပြီးတော့ အသင်းအတွက် ကြီးမားတဲ့ တွန်းအားလည်း ပေးနေပါတယ်။ ကျွန်တော် ဆွန်ရဲ့အကြောင်းကို စိတ်အားထက်သန်စွာနဲ့ ပြောနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ထိပ်တန်းကစားသမားသာမကပဲ တကယ့်ကို ထက်မြက်တဲ့သူပါ။ သူက ယဉ်ကျေးပြုငှာပြီး ထူးချွန်တဲ့ ကစားသမားပါ” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ ဆွန်ဟောင်မင်က ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး (၁၇)ဂိုးထိ သွင်းယူထားနိုင်ခဲ့ပြီး (၆)ဂိုး ဖန်တီးပေးထားနိုင်ခဲ့သလို ပရီးမီးယားလိဂ် ဂိုးသွင်းဘုရင်ဆုအတွက်လည်း ဆာလာနဲ့ အပြိုင်ဖြစ်နေရပြီး သူတို့နှစ်ဦးကြား (၃)ဂိုးသာ ကွာဟနေတာ ဖြစ်ပါတယ်။

Exit mobile version