ဘဏ္ဍာရေး အကျပ်အတည်းတွေ လစာပြသာနာတွေကြောင့် အသင်းသားတချို့ကို ရောင်းချပစ်ဖို့နဲ့ အသင်းရဲ့ လစာမြင့်မားတဲ့ ကစားသမားတွေကို လစာလျှော့ချဖို့ လိုအပ်နေတဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိအချိန်မှာ လစာမြင့်မားလှတဲ့ အသင်းသားတစ်ဦးဖြစ်တဲ့ ဂရီးဇ်မန်းနဲ့ လက်တွဲဖြုတ်ရဖွယ် ရှိနေပြီး စပိန်အခြေစိုက် သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်တွေအရ ဘာစီလိုနာအသင်းဟာ ဂရီးဇ်မန်းကို သူရဲ့အသင်းဟောင်း အသက်လက်တီကိုအသင်းဆီ ပြန်လည်ပို့ဆောင်ပြီး အသက်လက်တီကိုအသင်းရဲ့ ကွင်းလယ်လူ ဆာအူးနဲ့ တိုက်ရိုက်လဲလှယ်သွားဖို့အတွက် ဆွေးနွေးနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Marca

အသက်(၃၀)အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရီးဇ်မန်းဟာ ၂၀၁၉ခုနှစ်ကမှ အသက်လက်တီကိုအသင်းကနေ ဘာစီလိုနာအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၁၀၈)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပေမယ့် ဘာစီလိုနာမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေ ပြသနိုင်ဖို့ ရုန်းကန်နေရသလို ဒီနွေစျေးကွက်အတွင်းမှာ အသင်းဘက်ကနေ အဂွဲရိုးနဲ့ ဒီပိုင်းတို့ကို ခေါ်ယူထားတာကြောင့် ပုံမှန်နေရာရဖို့အထိပါ မလွယ်ကူနိုင်တော့တဲ့ အနေအထားထိပါ ရောက်ရှိနေရပါတယ်။ ပိုဆိုးတာကတော့ ဘာစီလိုနာအသင်းအနေနဲ့ လာလီဂါဘက်က သတ်မှတ်ထားတဲ့ ကစားသမားတွေရဲ့ လစာပမာဏထက် (၄၀)%အထိ ကျော်လွန်နေမှုကြောင့် ကစားသမားသစ်တွေကို စာရင်းမသွင်းနိုင်သေးတဲ့အတွက် ဂရီးဇ်မန်းလို လစာမြင့်မားတဲ့ ကစားသမားတွေကို လက်လွတ်ရဖို့ နီးစပ်လာခဲ့ရပါတယ်။

Photo Credit : Twitter

ဂရီးဇ်မန်းဟာ ဘာစီလိုနာအသင်းမှာ တစ်ပတ်လုပ်ခ ပေါင်(၃)သိန်းနီးပါးလောက်အထိ ရရှိနေတာဖြစ်လို့ ဘာစီလိုနာဘက်က ကစားသမားသစ်တွေ စာရင်းသွင်းနိုင်ဖို့နဲ့ အသင်းရဲ့ အဓိက ကစားသမား မက်ဆီကို စာချုပ်သက်တမ်းတိုးနိုင်ဖို့အတွက် ဂရီးဇ်မန်းကို လက်လွတ်ရတော့မှာဖြစ်ပါတယ်။ ဂရီးဇ်မန်းဟာ လတ်တလောမှာ မန်စီးတီး ချယ်လ်ဆီးအသင်းတွေနဲ့ သတင်းတွေ ဆက်တိုက်ထွက်ပေါ်လျက် ရှိနေသလို သူရဲ့အသင်းဟောင်း အသက်လက်တီကိုအသင်းက အသင်းဖော်ဟောင်း ဆာအူးနဲ့အတူ ကစားသမားချင်း အလဲအလှယ်အဖြစ် လုပ်ဆောင်ဖွယ် ရှိနေတယ်လို့လည်း သတင်းထွက်လာခဲ့ပါတယ်။ ဘာစီလိုနာအသင်းနဲ့ အသက်လက်တီကိုအသင်းတို့ဟာ သူတို့အသင်းတွေကနေ ထွက်ခွာရဖွယ် ရှိနေရတဲ့ ကစားသမားနှစ်ယောက်ကို ပြောင်းရွှေ့ကြေးတွေ မပါဝင်ပဲ တိုက်ရိုက်လဲလှယ်မှုတွေအဖြစ် လုပ်ဆောင်သွားဖို့ကို ဆွေးနွေးလျက် ရှိနေပြီး ဆွေးနွေးမှုတွေကလည်း ကောင်းမွန်လျက် ရှိနေတယ်လို့ သိရှိရပါတယ်။ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ တိုက်စစ်ပိုင်းအတွက် အဂွဲရိုးနဲ့ ဒီပိုင်းတို့ကို အားဖြည့်တင်းထားသလို အသက်လက်တီကိုကလည်း ဆာအူးနေရာအတွက် အာဂျင်တီးနား ကွင်းလယ်လူ ဒီပေါလ်ကို ခေါ်ယူထားခဲ့ပါတယ်။